ဆိပ်ဖြူ၊ ၁၁ ဇွန်
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် သစ်တောဦးစီးဌာနက၂၀၂၁ ခုနှစ် မိုးရာသီတွင် သစ်ပင်မျိုးစုံ အပင်ရေ (၁၆၃၃၂၀) စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။
ဆိပ်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိန်းလမ်းစိုပြည်၍ ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်များ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နိုင်ပြီး သဘာဘေးအန္တရာယ်ဆိုးများ အန္တရာယ်များမှ ကာကွယ်ဆောင်ရွက်နိုင်စေရန် နှစ်စဉ်ကျေးရွာသုံး ထင်းစိုက်ခင်းများ၊ အစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ၊ လူထုဖြန့်စိုက်ခင်းများ ထူထောင်စိုက်ပျိုးဆောင်ရွက်နေသည့်အပြင် နိုင်ငံပိုင် စီးပွားရေး ကျွန်းစိုက်ခင်းများကိုလည်း ထူထောင်စိုက်ပျိုးလျက်ရှိသည်။
၂၀၂၁ခုနှစ်မမိုးရာသီတွင် ကျေးရွာသုံး ထင်းစိုက်ခင်း ဧက (၅၀)အတွက် ယူကလစ်၊ မြန်မာရှား၊ လျှော်ဖြူ အပင်(၆၀၅၀)၊ လူထုဖြန့် သစ်မျိုးစုံ အပင် (၃၁၀၀၀)၊ အစုအဖွဲ့ပိုင်စိုက်ခင်း ၁၀၃ ဒဿမ ၄၇ ဧကအတွက်ကျွန်း/လျှော်ဖြူပင် (၁၅၅၂၀) နှင့် အထူးစိမ်း သစ်တောစိုက်ခင်းအတွက် အပင် (၂၃၀၀) တို့ကို ကဇွန်းမ၊ သပြေ၊ မြို့မ သစ်တောပျိုးခြံများတွင် ပျိုးထောင်ထားရှိပြီး ဒေသမိုးရေချိန်ရရှိမှုအပေါ် မူတည်စိုက်ပျိုးသွားဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၂၀၂၁ခုနှစ် နိုင်ငံပိုင် စီးပွားရေးကျွန်းစိုက်ခင်း ဧက(၁၀၀) ကိုစိုက်ပျိုးဆောင်ရွက်နေပြီး ကျွန်းအပင်ရေ (၅၄၀၀၀) ကို စတင်စိုက်ပျိုးနေကြောင် မြို့နယ်သစ်တောဦးစီးမှူး ဦးဇင်ဝင်းထွဋ်က ပြောကြားသိရှိရသည်။
ကိုဇွဲ (အညာမြေ)


