နေပြည်တော်၊  ၁၁  ဇွန်

(၂၀၂၁) ပညာသင်နှစ်၌ ဆေးတကသိုလ်များနှင့်ဆေးပညာနှီးနွယ် တကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာစစ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဝန်ကြီးဌာနအတွက် လိုအပ်လျက်ရှိသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်နှင့် နိုင်ငံတော် အတွက်လည်း အထူးလိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်ဖြစ်သည့် အတွက် အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခု ပညာသင်နှစ်၌ ဖွင့်လှစ်မည့် ဘွဲ့လွန် သင်တန်းများသို့ လျှောက်ထားသူဦးရေသည် မျှော်မှန်းထားသည်ထက် ပိုမိုများပြားသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူပါကြောင်း။

ရေးဖြေစာမေးပွဲကျင်းပမည့် ရက်သတ်မှတ်ပြီးဖြစ်သည့်အတွက် ဩဂုတ်လတွင် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်နိုင်မည်ဖြစ်ပါကြောင်း၊ ပါမောကဌာနမှူးများအနေဖြင့် ဘွဲ့လွန်ဆေးပညာ သင်တန်းဝင်ခွင့် စာမေးပွဲမေးခွန်းများကို စနစ်တကျပြုစု၍ စာမေးပွဲများကို စနစ်တကျ စစ်ဆေးသွားရမည်ဖြစ်ပါ ကြောင်း၊ ဘွဲ့လွန်ဆေးပညာသင်ကြားရာတွင် နိုင်ငံတကာအဆင့်မီ သင်ထောက်ကူပစည်းများဖြင့် လက်ရှိ ဖွင့်လှစ်လျက်ရှိသည့် ပြည်သူ့ဆေးရုံးကြီးများ၌ စာတွေ့/လက်တွေ့ သင်ကြားသွားရမည် ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်လျက်ရှိသည့် သက်ဆိုင်ရာဘွဲ့လွန် သင်တန်းများမှ ပျက်ကွက်နေသည့် ဘွဲ့လွန်သင်တန်းသားများအား ဘွဲ့လွန်သင်တန်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊လစ်လပ်နေသည့် ဘာသာရပ်သင် ဆရာ/ ဆရာမ ပညာရှင်များကိုလည်း ဖြည့်တင်း သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းတို့က အမှာစကားပြောကြားကြသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းက ဘွဲ့လွန်ဆေးပညာ သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး စာမေးပွဲကျင်းပရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူး(လူ့စွမ်းအားအရင်းအမြစ်) ဒေါက်တာချောစုမောင်မှ စာစစ် အဖွဲ့ဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရမည့်အချက်များနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများက ဆွေးနွေး တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)