နေပြည်တော်၊ ၁၁ ဇွန်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ယနေ့ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာ နှင့်အဖွဲ့အား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲစဉ် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် တိုင်းရင်းသား များ၏ စီးပွားရေး၊ လူမှုရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကလိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး ရရှိမှသာ ဘက်စုံဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးအတွက် နောက်မဆုတ်ဘဲ ရှေ့ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေးရရှိမှသာ တိုင်းရင်းသားများ ပညာရည်မြင့်မားလာပြီး လူမှုဘဝဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအနေဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက် နိုင်ရန် အချိန်မရွေးလာရောက် ဆွေးနွေးနိုင်ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း တင်ပြဆောင်ရွက် နိုင်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌက တိုင်းရင်းသားများ၏ လူမှု့စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားဒေသထုတ်ကုန်များ တိုးတက်ရေးနှင့် ငြိမ်းချမ်းရေး တို့အတွက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လိုအပ်ချက်များကိုလည်း တင်ပြသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အဖွဲ့တို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)


