နေပြည်တော်၊  ၁၁  ဇွန်

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဇွန် ၁၀ ရက် နံနက် ၁၀ နာရီခွဲတွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ဆီဇာကျေးရွာအနီးတွင် ကျော်အေး မောင်းနှင်ပြီး ဇနီး မခင်ခင်စန်း(ခ)မိကြီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် မမေသက်ဆွေ မောင်းနှင်ပြီး မခင်ချောစု(ခ)မိစု လိုက်ပါလာသည့် မော်တော်ဆိုင်ကယ် ၂ စီးကို ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုညဒသမ ၃၉၆ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း။

 

ထိုနေ့ ညနေ ၅ နာရီခွဲတွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာ၊ မုပ္ပလင်-မရမ်းချောင် သွားကားလမ်း၊ ကီလိုမီတာတိုင်အမှတ် (၁၅၆)အနီးတွင် မောင်အောင်မောင်းနှင်ပြီး ကျော်သူအောင်၊ မရွှေဇင်ဖူး၊ ရဲအောင်၊ ကျော်ဇေယျာထွန်းနှင့် ရဲထွဋ်နိုင်တို့ လိုက်ပါလာသည့် SOJEN PICKUP မော်တော်ယာဉ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၈,၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် လားရှိုးမြို့၊ အမှတ်(၁)ရပ်ကွက်၊ နားမခေါ် မော်တော်ယာဉ်ရပ်နားဝင်းရှိ ကားဂိတ်တွင် မသင်္ကာဖွယ်ဆာလာအိတ် ၂ လုံး တွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၆၈,၀၀၀ ကို လည်းကောင်း။

 

ထို့နောက် ဇွန် ၉ ရက် ညနေ ၆ နာရီတွင် မိုင်းဆတ်မြို့နယ်၊ ဝမ်နောင်ကျေးရွာအုပ်စု၊ ဖားဟကျေးရွာ၊ လွယ်ဆမ်ဆုန် တောင်ခြေအနီး မိုင်းတွမ်း-မိုင်းဆတ်သွားကားလမ်းတွင် ကျတဲမောင်းနှင်လာသည့် မော်တော် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)