မန္တလေး၊           ၁၂        ဇွန်

 

မန္တလေးမြို့ သီရိမာလာကုန်စိမ်း လက်ကားဈေးသို့ ယခုနှစ်တွင် စတင်ဝင်ရောက်လာသည့် ခရမ်းချဉ် (အင်းသီး)များ ယခင်နှစ် ဈေးနှုန်းထက် ငွေကျပ် ၁၀၀၀၀ ကျော် မြင့်တက်ကာ ဈေးကောင်းရရှိ နေကြောင်း အဆိုပါ ဈေးရှိ ခရမ်းချဉ်သီးပွဲရုံများထံမှ သိရသည်။ 

 

အဆိုပါ ခရမ်းချဉ်(အင်းသီး)များသည် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသမှ ထွက်ရှိပြီး မန္တလေးမြို့ သီရိမာလာကုန်စိမ်းဈေးသို့ တစ်ရက်လျင် ၁၂ ဘီးကား ၈ စီးမှ ၁၀ စီးအထိ ပုံမှန် ဝင်ရောက်လျက်ရှိသည်။ ဈေးနှုန်းမှာလည်း ယခင်နှစ်က ၁၈ ပိဿာဝင် သေတ္တာတစ်လုံးလျင် ငွေကျပ် ၂၃၀၀၀ မှ ၂၅၀၀၀ ထိသာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၈ ပိဿာ သေတ္တာတစ်လုံးလျင် ငွေကျပ် ၃၃၀၀၀ မှ ၃၅၀၀၀ အထိ ဈေးရရှိကြောင်း မန္တလေးမြို့မှ အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောပြသည်။ 

 

ခရမ်းချဉ်(အင်းသီး)များသည် မန္တလေးဈေးကွက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး ဈေးကောင်းရရှိ ကြောင်း၊ လက်ကားဈေးအနေဖြင့် ပြီးခဲ့သည့်နှစ်တွင် ခြေဆင်းခရမ်းချဉ်သီး တစ်ပိဿာလျင် ငွေကျပ် ၁၀၀၀ နှုန်းဖြင့် အမြင့်ဆုံးရရှိခဲ့သော်လည်း ယခုနှစ်တွင် ခြေဆင်းခရမ်းချဉ်သီး တစ် ပိဿာလျင် ငွေကျပ် ၁၇၀၀ မှ ၁၈၀၀ ထိ ရောင်းချရကြောင်း၊ ထို့ပြင် ကျန်သည့်ကုန်သီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ဘိုစားပဲနှင့် မုန်လာဥတို့သည်လည်း ဈေးကောင်းများရရှိနေသဖြင့် ယခုနှစ်တွင် စိုက်ပျိုးသူများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)