လားရှိုး၊ ၁၄  ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆုံကွယ်ကျေးရွာ၊ စစ်မှုထမ်း ဟောင်းရပ်ကွက်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော သောက်သုံးရေဖူလုံစွာရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စော၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများက ကျေးရွာရေပေးရေးကော်မတီဝင်များနှင့်အတူ ဆုံကွယ်ကျေးရွာ၊ စစ်မှုထမ်းဟောင်းရပ်ကွက် သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။

 

အဆိုပါ ဆုံကွယ်ကျေးရွာ၊ စစ်မှုထမ်းဟောင်းရပ်ကွက် သောက်သုံးရေဖူလုံစွာရရှိရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၁၃ ဒသမ ၀၁၄ သန်းဖြင့် အကျယ်လေးလက်မ အနက်ပေ ၄၀၀ ခန့်ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့  အုတ်ရေကန်တည်ဆောက်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ပေရှိ ရေစက်ရုံ တည်ဆောက်ခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် Platinum Village ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ(၃၀၆)အိမ် ၊ လူဦးရေ (၁၄၈၁)ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များအတွက် ရာသီမရွေး သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ဦး