ရန်ကုန်၊ ၁၄ ဇွန်

 

စိတ်ပိုင်းဆိုင်ရာ အားသစ်လောင်းရန် အပန်းဖြေအနားယူရာတွင် ပင်လယ်ကမ်းခြေ၊ တောတောင် နှင့် သဘာဝအလှတို့ စုဝေးရာနေရာတို့၌ အများဆုံးသွားရောက် အပန်းဖြေ အနားယူလေ့ရှိပြီး တောင်ပေါ်ဒေသဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် နောင်ချိုကြီးကျေးရွာအနီးရှိ နောင်ချိုတိမ်ပင်လယ်အပန်းဖြေစခန်းသို့ မြို့ပြနေ ပြည်သူများ နှစ်စဉ်သွားရောက်၍ အပန်းဖြေ အနားယူလျက်ရှိရာ ယခုနှစ်တွင်လည်း အများပြည်သူ အပန်းဖြေနိုင်ရန်အတွက် နိုဝင်ဘာ ၁ ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

 

နိုင်ငံတော်အတွက် အခွန်ငွေရရှိ ယခုမိုးရာသီတွင် ရာသီဥတုကြောင့် အပန်းဖြေသူများ အခက်အခဲရှိသည့်အတွက် ဆောင်းရာသီ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်ချက်နှင့်အညီ ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။ အဆိုပါ တိမ်ပင်လယ်အပန်းဖြေစခန်းကို ၂၀၁၉ ခုနှစ် တန်ဆောင်တိုင်ကာလမှစ၍ အလည်အပတ်သွားသူများ သတိပြုမိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်တွင် အပန်းဖြေအနားယူ စခန်း ငါးခု စတင်ဖွင့်လှစ်ခဲ့ကာ ယခုအခါ စခန်း ရှစ်ခု ဖွင့်လှစ်ထားကြောင်း သိရသည်။ တောင်ပေါ်ဒေသသည် မူလရေခံမြေခံကြောင့် တောတောင်အလှတို့ဖြင့် စွဲဆောင်လျက်ပြီး ရာသီချိန်ခါ၌ ကောင်ကင်နှင့် မြေပြင်သဘာဝအလှပေါင်းစပ်မှုဖြင့် ဖြစ်ပေါ်လာသော သဘာဝအလှတို့မှာ ဖန်တီးယူ၍မရသော စိတ်ဖြည့်ဆည်းမှုရှုခင်းများအဖြစ် ပေါ်ထွက်လာရာ ထိုဒေသအတွက် ခရီးသွားလုပ်ငန်းတစ်ခုအဖြစ် စွဲဆောင်လျက်ရှိသည့်အပြင် ဒေသအတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိစေလျက် နိုင်ငံတော် အတွက် အခွန်ငွေများကို ရရှိစေမည်ဖြစ်သည်။

 

“ဒီမှာ အပန်းဖြေစခန်း ရှစ်ခုရှိတယ်။ cloudy Villa အနေနဲ့ ဒီမှာအမြဲရှိတဲ့အတွက်လစဉ်ဖွင့်တယ်လို့ ဆိုရမှာပါ။ မိုးရာသီမှာတော့ အခက်အခဲရှိနိုင်တယ်။ မနှစ်က နောက်ခံတိမ်ပင်လယ်အလှနဲ့ ငှက်သိုက်နဲ့ ကြိမ်ခုံပြင်ဆင်ထားမှုကို နှစ်ခြိုက်ခဲ့ကြတယ်။ ဒီနှစ်ဆန်းမှာ နိဗ္ဗာန်တံတားနဲ့ ကြိမ်ဒန်းပြင်ဆင်ထားမှုကို အပန်းဖြေသူတွေ ကြိုက်ကြတယ်။ ဓာတ်ပုံအလှရိုက်တဲ့နေရာကို တစ်နှစ်တစ်ကြိမ် ပြောင်းလဲပေးပါတယ်။ အလှရိုက်တဲ့နေရာ ခုနစ်နေရာရှိတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း ဂရုစိုက်ပြီး ဆောင်ရွက်ထားပါတယ်။ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်စုံကလည်း လာကြတယ်။ တစ်နှစ်ထက် တစ်နှစ် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ သဘာဝကဖန်တီးပေးတဲ့ အလှတရားကနေ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ် ဝမ်းသာပီတိ ဖြစ်ရပါတယ်ဟု Cloudy Villa ၏CEO ဖြစ်သူ ဒေါ်ယုန်မှိုင်းက ပြောသည်။

 

နောင်ချို တိမ်ပင်လယ်အပန်းဖြေစခန်းတွင် မိုးရာသီ၌ ရွက်ဖျင်တဲ(Tent)ဖြင့် အပန်းဖြေမှုမထားရှိဘဲ ယူကလစ်အိမ်ဖြင့်သာ အပန်းဖြေအနားယူနိုင်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိသည်။ ခရီးသွားရာသီဖြစ်သော ဆောင်းရာသီ၌ ရွက်ဖျင်တဲ(Tent) နှစ်ယောက် အိပ် ငွေကျပ်၂၅၀၀၀၊ လေးယောက်အိပ် ငွေကျပ် ၄၅၀၀၀ နှင့် ခြောက်ယောက်အိပ် ငွေကျပ် ၅၀၀၀၀ ဖြင့် ရေချိုးခန်း၊ ရေပူ/ရေအေးဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး မိုးရာသီနှင့်နွေရာသီတွင် ဈေးနှုန်းတူညီကြောင်း သိရသည်။ အပန်းဖြေသူ အများစုကြိုက်နှစ်သက်သော ကြိမ်ဒန်း၊ ရှေးဟောင်းယာဉ်များ၊ လောက ပြတင်းပေါက်၊ သုံးထပ်လင့်စင်၊ သစ်ပင်လင့်စင်၊ လက်ငါးချောင်း ကုလားထိုင်နှင့် အခြားသော စိတ်ဝင်စားဖွယ်နေရာတို့ထားရှိပြီး အပြည့်အဝ အပန်းဖြေအနားယူနိုင်ရန် ဖြည့်ဆည်းဆောင်ရွက်ထားကြောင်း သိရသည်။

 

နိုဝင်ဘာလတွင်ဖွင့်လှစ်ရန်ပြင်ဆင် တိမ်ပင်လယ်အလှသည် ပေ ၂၀၀၀ ကျော်ရှိသော တောင်များကို ရစ်သန်းစီးဆင်းသော ဒုဋ္ဌဝတီမြစ်၏ ရေခိုးရေငွေ့များမှ တိမ်စိုင်များအဖြစ်ပြောင်းလဲ၍ တိမ်ပင်လယ်ကြီးဖြစ်ပေါ်လာခြင်းဖြစ်ပြီး နိုဝင်ဘာလမှ ဇန်နဝါရီလအထိ ကောင်းကင်၊ မြေပြင်နှင့် ရာသီဥတုတို့ ပေါင်းစပ်မှုဖြင့် နောင်ချိုတိမ်ပင်လယ် အပန်းဖြေစခန်းမှာ အလှဆုံးအချိန်များ ဖြစ်သောကြောင့် ထိုလတို့တွင် ဧည့်သည်များ အထူးစည်ကားလေ့ရှိသည်။ ယခုနှစ် ပြန်လည်ဖွင့်လှစ်ချိန်တွင် တစ်လလျှင် ဂီတဖျော်ဖြေပွဲနှစ်ပွဲဖြင့် ဝန်ဆောင်မှုပေး ရန်စီစဉ်ထားပြီး သောကြာနေ့နှင့် စနေနေ့သည် အပန်းဖြေခရီးသွား အများဆုံးလာရောက်တတ်ပြီး တနင်္ဂနွေ နံနက်ပိုင်းတွင် ပြန်လေ့ရှိသောကြောင့် မြို့ပြမွန်းကျပ်မှုနှင့် လုပ်ငန်းခွင်ပျော်ရွှင်မှုအတွက် အပန်းဖြေခရီးစဉ်တစ်ခုအဖြစ် သွားရောက်လည်ပတ်လျက်ရှိရာ ယခုနှစ်တွင်လည်း နောင်ချို အပန်းဖြေ စခန်းကို နိုဝင်ဘာလဆန်းတွင် ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

 

သတင်း - ညိမ်းသူ

ဓာတ်ပုံ - ကနူး