နေပြည်တော်၊ ၁၄ ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံနှင့် ရွှေလင်ပန်းကျေးရွာရှိ Civil Hospital ပြည်သူ့ဆေးရုံတို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိရေး ကြိုတင်ပြင်ဆင်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဦးလှစိုး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုသည်။

 

ရှင်းလင်းတင်ပြ

 

ဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် တိုင်းမှူးတို့အား လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက ဆေးရုံတွင် ကိုဗစ်-၁၉ပိုးတွေ့လူနာ ၁၀၀ ထားရှိနိုင်ရေးနှင့် လူနာ ၅၀ အတွက် အောက်ဆီဂျင်နှင့် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ရွှေလင်ပန်းကျေးရွာရှိ Civil Hospital ပြည်သူ့ ဆေးရုံ၌ လူနာ ၅၀ ထားရှိရန် စီစဉ်ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့သည် အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် အောက်မင်္ဂလာဒုံလမ်းရှိ အစိုးရ စက်မှုလက်မှုနှင့် အတတ်သင်သိပ္ပံကျောင်း(GTI) ၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀ ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

သွားရောက်ကြည့်ရှု အလားတူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများထားရှိရန် ယာယီကုသဆောင်ပြင်ဆင်ထားရှိမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်