ကျောက်ပန်းတောင်း၊ ၁၅ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဇလင်းတောင်ကျေးရွာအုပ်စု၊ ဇလင်းတောင်တောင်ကျေးရွာတွင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစီအစဉ်ဖြင့် တူးဖော်ဆောင်ရွက်ခဲ့သော စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်သဖြင့် ကျေးရွာနေပြည်သူ ၄၇၀ တို့အတွက် ရေလုံလောက်စွာ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိစေရေးအတွက် ဇလင်းတောင် ကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံ၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင်ပြုရန်ပုံငွေ ကျပ် ၂၉ သန်း ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းပြီးစီးမှုအခြေအနေများကို ဇွန် ၁၄ ရက် ညနေ ၄ နာရီက မြို့နယ်ဦးစီးမှူး ဒေါ်တင်ယုမေ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါရေပေးရေးလုပ်ငန်းတွင် ၄ လက်မ (၆၄၀ ပေ) စက်ရေတွင်း (၁)တွင်း၊ ဂါလန် (၂၄၀၀)ဆံ့ ရေစင်(၁)ခုနှင့် (၁၀ပေ - ၈ပေ - ၈ပေ) ရေစက်ရုံ(၁)ခုတို့ပါဝင်ပြီး ယခုအခါ လုပ်ငန်းဆောင်ရွက်မှု (၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ရာ ကျေးရွာနေ အိမ်ထောင်စု (၉၄)စုမှလူဦးရေ (၄၇၀)ဦးတို့မှာ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိနေပြီဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


