ကျိုက်လတ်၊ ၁၅ ဇွန်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ငပိချောင်းကျေးရွာနှင့် သာယာဝဲကျေးရွာများ၌ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး အခြေအနေများကို ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုး၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်မြင့်ထွန်းနှင့်ဝန်ထမ်းများက ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ငပိချောင်းကျေးရွာနှင့် သာယာဝဲကျေးရွာများ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ငပိချောင်းကျေးရွာတွင် လမ်း အရှည် ၈၉၅ ပေ၊ အကျယ် ၇ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူများထည့်ဝင်ငွေကျပ် ၁၀ သိန်း၊ စုစုပေါင်း ငွေကျပ် ၁၁၀ သိန်းဖြင့်လည်းကောင်း၊ သာယာဝဲကျေးရွာတွင် လမ်းအရှည် ၁၀၃၅ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ခြောက်လက်မ ထု ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေကျပ်သိန်း ၁၀၀၊ ကျေးရွာပြည်သူများ ထည့်ဝင်ငွေကျပ် ၁၀ သိန်း၊ စုစုပေါင်းငွေကျပ် ၁၁၀ သိန်းတို့ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
ကျိုက်လတ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းဖြင့် ငပိချောင်းကျေးရွာနှင့် သာယာဝဲကျေးရွာအပါအဝင် ကျေးရွာပေါင်း ၃၀ ၌ ကွန်ကရစ်လမ်း(၂၁)ခု၊ တံတား(၁၀)စင်း၊ ရေပေးရေးလုပ်ငန်း(၁)ခု၊ စုစုပေါင်း လုပ်ငန်း(၃၂)ခု အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါလုပ်ငန်းများအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း ဖျာပုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇေယျာဇော်မျိုးက ပြောသည်။
စိုးမိုးကျော်


