မြင်းမူ၊  ၁၅  ဇွန်

 

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပျော့ရွာ လျှပ်စစ်မြစ်ရေတင်စိုက်ကွင်း၊ ကွင်းအမှတ် (၃၆၅) တောင်သူ(၃၆) ဦးပိုင်၊ မိုးကြိုပဲတီစိမ်း စံပြစိုက်ကွက်တွင် Good Agriculture Practice (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ)ရရှိစေရန် ဥကပ်ပါးနဂျီ (Trichogramma)များလွှတ်၍ ဇီဝနည်းဖြင့် ဖျက်ပိုးကာကွယ်နှိမ်နင်းခြင်း တောင်သူနည်းပညာပေး ကွင်းသရုပ်ပြပွဲကို ဇွန်လ(၁၄)ရက်ကပြုလုပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။

 

ကွင်းသရုပ်ပြပွဲတွင် ဧက(၃၀)အတွက် နဂျီကတ်ပေါင်း(၁၂၀၀)ကိုဒုတိယအကြိမ်လွှတ်ခြင်းဖြစ်ကြောင်း၊ ဥကပ်ပါးနဂျီအသုံးပြုခြင်းဖြင့် လိပ်ပြာဖလံမျိုးရင်းဝင်ဖျက်ပိုးများကို ဥအဆင့်မှာ ပင်ဆောလျင်စွာ နှိမ်နင်းနိုင်ခြင်း၊ ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချနိုင်ခြင်း၊  အကျိုးပြုအင်းဆက်များကိုထိခိုက်မှုမရှိနိုင်၍ အကျိုးပြုအင်းဆက်များ တိုးပွားလာပြီး ပတ်ဝန်းကျင်သဘာဝဂေဟစနစ်ကို မျှတစေခြင်း၊ လူနှင့် ပတ်ဝန်းကျင် အဆိပ်သင့်မှုနှင့် ညစ်ညမ်းမှုတို့ကိုလျှော့ချနိုင်နိုင်သည့်အပြင် ရေရှည်အကျိုး ဖြစ်ထွန်းစေကာ သွင်းအားစုကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ်ကြောင်း၊ ဒေသခံတောင်သူများ တွင်တွင်ကျယ် အသုံးပြုနိုင်ရေး နည်းပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးရဲမြင့်သိန်းထံမှသိရှိရသည်။

 

မြင်းမူမြို့နယ်အတွင်း (GAP) စနစ်ဖြင့် မိုးကြိုပဲတီစိမ်းဧက (၁၅၀)အပါအဝင် စုစုပေါင်း မိုးကြိုပဲတီစိမ်းဧက(၈၁၅)ဧက စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

 

အောင်စိုးဖေ(မြင်းမူ)

mdn