နောင်ချို ၁၆ ဇွန်
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ နောင်ချိုမြို့အဝင် ကျောက်ကြမ်းကျေးရွာတွင် ဇွန် ၁၁ ရက် နံနက်ပိုင်းမှစ၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်များ၊ လူမှုရေးအသင်းအဖွဲ့များက နေ့စဉ်နံနက် ၇ နာရီမှ ညနေ ၇ နာရီအထိ အလှည့်ကျ တာဝန်ယူစစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ၊ ရောဂါဖြစ်ပွားမှုများသည့် ဒေသမှပြန်လာသော မော်တော်ယာဉ် (လူစည်းကား) နှင့် ဆိုင်ကယ်များ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားသည့် ကာလများတွင်ထားရှိခဲ့သော မြို့ဝင်စစ်ဆေးရေးဂိတ်ကို ဖေဖော်ဝါရီလတွင် ခေတ္တပိတ်သိမ်းခဲ့ပြီး ယခုအခါ ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုရှိလာသည့်အတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို ပြန်လည်ထားရှိရခြင်းဖြစ်ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)


