စေတုတ္တရာ ၁၆ ဇွန်      

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှု အပေါ် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက် နံနက်ပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြစံက သဘာဝ ဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးမှုအပေါ် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သော တောင်သူများအား မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူးနှင့် ဝန်ထမ်းများက ထောက်ပံ့ငွေများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာအုပ်စု(၄၄)အုပ်စုရှိ တောင်သူ(၅၉၂၃)ဦး၏ သီးနှံ ပျက်စီးမှုဧက (၈၇၆၅)ဧကရှိပြီး မိုးစပါး၊ ဖူးစားပြောင်းနှင့် ဟင်းသီးဟင်းရွက် သီးနှံများ (၁)ဧကလျှင် ၁ သောင်းနှုန်း၊ မိုးမြေပဲ (၁)ဧကလျှင် ၃သောင်းနှုန်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် မိုးနှမ်း(၁)ဧကလျှင် (၅) ထောင် နှုန်းဖြင့် ကျေးရွာအုပ်စုအလိုက် ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့မှာ တတိယအကြိမ်အနေဖြင့်  ကျေးရွာအုပ်စု (၆)အုပ်စုရှိ တောင်သူ(၇၂၀)၏ သီးနှံပျက်စီးမှု ဧက(၉၈၄)ဧကအတွက် ပျက်စီးခဲ့သည့် ပဲစင်းငုံနှင့် မိုးနှမ်း(၁)ဧကလျှင် (၅) ထောင်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၄၉ သိန်း ၂ သောင်းကို ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ယနေ့အထိ သီးနှံပျက်စီးခဲ့သည့်တောင်သူ (၂၄၀၈)ဦး၏ သီးနှံပျက်စီးမှုဧက (၃၄၇၈)ဧကအတွက် ထောက်ပံ့ငွေစုစုပေါင်း ၁၉၇ သိန်း ၆ သောင်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသော  သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများကိုလည်း အုပ်စုအလိုက် ဆက်လက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြစံထံမှ သိရသည်။

ခင်သန်းလှိုင်(ပြန်/ဆက်)