ငပလီ ၁၆ ဇွန်
ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ငပလီမြို့၊ မဇင်လေဆိပ်တွင် ယနေ့နံနက်ပိုင်းမှစ၍ ရေကြီးရေလျှံလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုသည် လေဆိပ်လမ်းကြီးတစ်လျှောက်တွင် ရေနုတ်မြောင်းများ တိမ်ကောနေသည့်အတွက် လေဆိပ်အဆောက်အအုံနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေများ ပြည့်လျှံလျက်ရှိပြီး “လေယာဉ်ရပ်နားသည့် နေရာများတွင် ရေအမြင့်ပေ (၁၇) လက်မထိ ပြည့်လျှံသဖြင့် လေယာဉ် အဆင်း၊ အတက်ကို ယာယီဖျက်သိမ်း လိုက်ရခြင်းဖြစ်ကြောင်း လေဆိပ်တာဝန်ခံ ဦးမန်းဇော် ထံမှသိရသည်။
သံတွဲမြို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇွန်လ(၁၆)ရက်နေ့ နံနက်(၉) နာရီတိုင်းတာချက်အရ မိုးရေချိန်လက်မ ၃ ဒသမ ၇၅ ထိရှိပြီး ငပလီမြို့အတွင်းရှိ လင်းသာရပ်ကွက်၊ မြပြင်ရပ်ကွက်နှင့် ဂျိတ္တောရပ်ကွက် လမ်းမကြီးအချို့တို့တွင် ရေကြီးရေလျှံမှု၊ သစ်ပင်လဲကျ မှုများရှိသော်လည်း လူများ၊ တိရိစ္ဆာန်များထိခိုက်မှု မရှိကြောင်း သိရသည်။
ရန်ငြိမ်း(ပြန်/ဆက်)


