မြိတ် ၁၆ ဇွန်  

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရေလုပ်သားများ လုပ်ငန်းခွင်အရည်အသွေး တိုးတက်မြှင့်မားလာ စေရေးအတွက် ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအား အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှု (Basic On- Job  Skill Training) သင်တန်းကို မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ရေလုပ်သားများအား ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းများက သင်တန်းပေးလျက်ရှိသည်။

 

“ရေလုပ်သားများ ပင်လယ်ပြင်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ ဖြေရှင်းနိုင်ဖို့၊ ရေလုပ်သားတွေနဲ့ ပတ်သက်တဲ့ဥပဒေ၊ ကျန်းမာရေးနှင့် ပတ်သက်တဲ့အသိပညာ၊ ပင်လယ်ပြင်မှာတွေ့ကြုံရမယ့် သဘာဝဘေးနဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်း ရမယ်စတဲ့ လုပ်ငန်းခွင်အရည်အသွေး တိုးတက်လာစေရေး ရည်ရွယ်ချက်တွေနဲ့ သင်တန်းဖွင့် လှစ်တာဖြစ်ပါတယ်” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မင်းဦး က ပြောသည်။

 

သင်တန်းတွင် ပင်လယ်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ဥပဒေဆိုင်ရာသိကောင်းစရာများ၊ မျိုးသုန်းရှားပါးရေနေ နို့တိုက်သတ္တဝါထိန်းသိမ်းရေး ဆောင်ရွက်မှုများ၊ တာဝန်သိစိတ်ဖြင့် ငါးဖမ်းဆီး ခြင်းဆိုင်ရာများ၊ ရေလုပ်ငန်းရှင်နှင့် ရေလုပ်သား နှစ်ဦးသဘောတူ အလုပ်ခန့်ထားခြင်းဆိုင်ရာ သဘောတူစာချုပ် အချက်အလက် သိကောင်းစရာများ၊ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာနှင့် ပတ်သက်သည့်ညွှန်ကြားချက်များ၊ ဆိပ်ကမ်းအကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ရှေးဦးပြုစုခြင်းနှင့် ရေကြောင်းပညာပေးဆိုင်ရာ သိကောင်းစရာများကို သင်ကြားပေးလျက်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

 

သင်တန်းကို ရေလုပ်သား(၃၀) တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဇွန်လ(၁၅)ရက်မှ (၁၇)ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ငါးမဖမ်းရကာအတွင်း ရေလုပ်သားများ လုပ်ငန်းခွင်အရည်အသွေး တိုးတက်မြှင့်မား လာစေရေးအတွက် အလားတူ သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)

 

 616202135