စစ်တွေ၊ ၁၇ ဇွန်
မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း ကျေးလက်လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ရေပေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မောင်တောမြို့နယ် ဂြစ်ချောင်းကျေးရွာ၌ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၈၀ ဒသမ ၀၀ သန်းဖြင့် အလျားပေ ၇၉၂၀ ၊ ရေပိုက်သွယ်တန်းခြင်းနှင့် ၁၅ ပေ၊ ၉ ပေ၊ ၆ ပေ၊ ရေဝေကန်(၂) ကန်တည်ဆောက်ခြင်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဦးစောထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားခဲ့သည်။
ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာအတွင်းရှိ အိမ်ခြေ ၆၃ အိမ်၊ လူဦးရေ ၃၀၉ ဦးတို့ကို အကျိုးပြုနိုင်မည်ဖြစ်ကာ သောက်သုံး ရေဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


