ရန်ကုန်  ၁၇  ဇွန်

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းတွင် တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ ကျိုက္ကဆံချောင်းတွင်  ရောက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေစီးရေလာ စီမံခန့်ခွဲမှုဌာနက Excavator စက်ယန္တရား၊ လူအင်အားတို့ဖြင့် ချောင်းအတွင်းမှ အမှိုက်သရိုက်၊ ဗေဒါနှင့် နုန်းများ ဆယ်ယူရှင်းလင်း၍ ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ဗိုလ်ချုပ် ပန်းခြံတွင် ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနနှင့် ရေအရင်းအမြစ်နှင့် ရေပေးဝေရေး ဌာနတို့မှ ဆောင်ရွက်လျက်ရှိသော ဗိုလ်ချုပ်ပန်းခြံ မြေယာရှုခင်းအလှ ပြုပြင်ဆောင်ရွက်နေမှု၊ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းနှင့် နတ်မောက်လမ်းသွယ် (၁) တို့မှ ကန်တော်ကြီးသို့ ဝင်ရောက်သည့် ရေဝင်ပေါက်များ ရှင်းလင်းနေမှု၊ ကန်တော်ကြီးကြာကန်အား သန့်ရှင်းကြည်လင်မှုရှိစေရန် Amphibious ယာဉ်နှင့် Aquamarine ယာဉ်များဖြင့် မှော်ပင်၊ ဒိုက်ပင်များအား ဆယ်ယူရှင်းလင်းနေမှု၊ Copper Sulphate ဆေးရည်ဖြန်းနေမှု၊ ရန်ကုန်မြို့နှင့် ညီအစ်မမြို့တော်အဖြစ် ချစ်ကြည်ရေး တည်ဆောက်ထားသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယန်ကျိုးမြို့မှ လှူဒါန်းထားသော လှေကို ပြန်လည်ပြုပြင် တည်ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်