နေပြည်တော်၊  ၁၇ ဇွန်

ပြင်သစ်နိုင်ငံ ပါရီမြို့အခြေစိုက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)၏ (၈၈)ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ အထွေထွေ ညီလာခံကို  မေ ၂၄ ရက်မှ ၂၈ ရက်အထိ  ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ညီလာခံတွင် ကမ္ဘာအဝန်း တိရစ္ဆာန်ရောဂါ ဖြစ်ပွားမှုဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေခြင်း၊ တိရစ္ဆာန် ကျန်းမာရေးနှင့် သက်သာချောင်ချိရေး၊ တိရစ္ဆာန်ဆေးကု ဝန်ဆောင်မှုလုပ်ငန်းများ အရည်အသွေးမြှင့်တင် နိုင်ရေး၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကြောင့် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ ချမှတ်ပေးသည့် စည်းမျဉ်းစည်းကမ်းများအား သုံးသပ်ဆွေးနွေး အတည်ပြုခြင်း၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့၏ (၇) ကြိမ်မြောက် မဟာဗျူဟာစီမံချက် (OIE-7th Strategic Plan 2021-2025) ကို  အတည်ပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။  အဆိုပါညီလာခံသို့ မြန်မာနိုင်ငံမှကိုယ်စားလှယ်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်း တက်ရောက်ခဲ့ သည်။

ညီလာခံတွင် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာ၊ ကောင်စီအဖွဲ့ဝင် ရာထူး နေရာများ၊ ပညာရပ်ဆိုင်ရာ ကော်မရှင်(၄) ခုနှင့် ဒေသဆိုင်ရာ ကော်မရှင် (၅) ခုတို့၏ ဗျူရိုအဖွဲ့ဝင် ရာထူးနေရာများကို   လျှို့ဝှက်ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲထွန်းဝင်းကို The Asia, Far East and Oceania Region ဆိုင်ရာဗျူရို၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြ သည်။

အဆိုပါ The Asia, Far East and Oceania Region ဆိုင်ရာဗျူရိုအနေဖြင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ သုံးနှစ်တာကာလ သက်တမ်းအတွင်း ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ ချမှတ်ထားသော တိရစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအား ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများမှ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဒေသတွင်းပညာရှင်များ၏ အခန်းကဏ္ဍကိုမြှင့်တင်ရေး၊ အခြားသော ဒေသများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် တိုကျိုမြို့နှင့် ဘန်ကောက်မြို့တွင် အခြေစိုက်သော ကမ္ဘာ့ တိရစ္ဆာန်ကျန်းမာရေး အဖွဲ့ရုံးခွဲများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)