ကျောက်ဖြူ၊ ၁၈ ဇွန်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများကို ရေလမ်းခရီးသွားလာရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် အသက်ကယ်ဝတ်စုံ (Life Jacket) စနစ်တကျ ဝတ်ဆင်အသုံးပြုတတ်စေရေး အသိပညာပေးဆောင်ရွက်ခြင်းကို ဇွန်လ ၁၈ ရက် နံနက် ၈ နာရီက မီးသတ်တပ်ဖွဲ့ဝင်များက ငလပွေ့ရပ်ကွက်ရှိ အမှတ်(၁)ဆိပ်ခံတံတားသို့ သွားရောက်၍ လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျောက်ဖြူခရိုင်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထိန်လင်းနိုင် ဦးဆောင်၍ ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အဆိုပါဆိပ်ကမ်းတစ်လျှောက်ရှိ ရေလမ်းခရီးကို အသုံးပြုသွားလာနေကြသော ဈေးရောင်း၊ ဈေးဝယ်များ၊ ခရီးသွားပြည်သူများ၊ ကုန်တင် ကုန်ချအလုပ်သမားများ၊ ပင်လယ်ငါးဖမ်းရေလုပ်သားများနှင့် ခရီးသည်တင်ပြေးဆွဲနေသည့် ရေယာဉ်ပိုင်ရှင်များကို အသက်ကယ်ဝတ်စုံ (Life Jacket) စနစ်တကျဝတ်ဆင် အသုံးပြုတတ်စေရန် သရုပ်ပြ ဝတ်ဆင်မှုများအား ပြသကာ လက်တွေ့ဝတ်ဆင်စေသည်။
ယင်းနောက် ၎င်းတပ်ဖွဲ့ဝင်များမှ ငါးဖမ်းစက်လှေ ပိုင်ရှင်များ၊ ရေယာဉ်ပိုင်ရှင်များကို ယခုအခါ မိုးဦးရာသီ ကာလသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိုးရာသီတွင်ကြုံတွေ့ရတတ်သော မြစ်ရေကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်း အစရှိသည့် သဘာဝဘေးများ ကြုံတွေ့လာနိုင်သောကြောင့် ရေယာဉ်များ မတော်တဆတိုက်မိခြင်း၊ ရေယာဉ်တိမ်းမှောက်ခြင်းများကြုံတွေ့လာနိုင်သဖြင့် ရေယာဉ်ပိုင်ရှင်များအနေဖြင့် အသက်ကယ်ဝတ်စုံများ လုံလောက်စွာထားရှိနိုင်ရေး အထူးအလေးထား စီစဉ်ဆောင်ရွက်ထားကြရန်ပြောကြားပြီး သဘာဝဘေး အသိပညာပေး လက်ကမ်းစာစောင်များအား ဝေငှပေးခဲ့သည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)


