ဖောင်းပြင်၊ ၁၈ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ တောရိုင်းမြေများကို ရှင်းလင်းကာ စပါးကို တိုက်ရိုက်အစေ့ချ ပက်ကြဲစနစ်ဖြင့် စိုက်ပျိုးနိုင်သည့် သက်တမ်း ရက်(၇၀)ကျော်ရှိ (၇၂)စပါးမျိုးကို ယခင်နှစ်က စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းခဲ့သည့်အတွက် ယခုနှစ်တွင် ပိုမိုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း လက်တွေ့ စိုက်ပျိုးအောင်မြင်ခဲ့သည့် ညောင်ကုန်းကျေးရွာက တောင်သူ ဦးမင်းထွန်းထံမှ သိရသည်။
ယခင်နှစ်က စိုက်ပျိုးအောင်မြင်ခဲ့ခြင်းနှင့် ပတ်သက်၍ “စပါးမျိုးကတော့ (၇၂)စပါးမျိုးပါ။ ရွှေဘိုမြို့နယ်ဘက်က မှာယူစိုက်ပျိုးတာ။ အပင်သက်တမ်းကတော့ ရိတ်သိမ်းချိန်အထိ ရက်ပေါင်း(၈၀) ဝန်းကျင် ရှိတာပါ။ ပြီးခဲ့တဲ့နှစ်က အစမ်းသဘောနဲ့ ၅ ဧကကြဲခဲ့တာ စပါးတင်းရေ ၅၆၀ လောက် ရခဲ့တာပါ။ တစ်ဧကကို ၇၀ နဲ့ ၈၀ ကြားမှာ ထွက်ပါတယ်။ ပက်ကြဲတာ ဆိုတော့ အထွက်နှုန်းကမညီခဲ့ဘူး အတန်းလိုက် စနစ်တကျ စိုက်ပျိုးမယ်ဆိုရင် ပိုပြီးထွက်နိုင်ပါတယ်။ ဒီနှစ်မှာတော့ ဧက ၃၀ စိုက်မှာပါ။ တောင်သူ အတော်များများကလည်း ဒီနှစ်မှာစိုက်လာကြပြီ။ သိရသလောက်တော့ တောင်သူဦးရေ ၁၀၀ ဝန်းကျင်နဲ့ စိုက်ဧကတော့ တစ်ထောင်ဝန်းကျင်လောက် ရှိမယ်”ဟု တောင်သူ ဦးမင်းထွန်းက ပြောသည်။
အဆိုပါစပါးမျိုးကို ရေသွင်းစိုက်ပျိုးနိုင်သလို ကုန်းမြေတွင် မိုးရေကိုအားပြုပြီး စိုက်ပျိုးနိုင်ကြောင်း၊ ယခင်နှစ်က ဇွန်လ ၂၀ ရက်တွင် စိုက်ပျိုးခဲ့ရာ ဩဂုတ်လ တတိယအပတ်တွင် စတင်ရိတ်သိမ်းရကြောင်း၊ မိုးရေကို အားပြုစိုက်ပျိုး လိုသူများအတွက် ဇွန်လအတွင်းစိုက်ပျိုးခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ် ကုန်ကျမှုသက်သာသည့်အတွက် မိသားစုစားသုံးရန် အတွက် စိုက်ပျိုးသင့်ဆုံး စပါးမျိုးဖြစ်ပြီး ရောင်းချရာတွင်လည်း ယခင်နှစ်က တစ်တင်းလျှင် ငွေကျပ် ၆၀၀၀ အထိ ရောင်းချခဲ့ရကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။
ကိုထွန်း(ဖောင်းပြင်)


