ငါန်းဇွန်၊ ၁၈ ဇွန်
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်မှ ဆင်ဖြူကုန်းကျေးရွာနှင့် သံဘိုကျေးရွာတို့၌ ယနေ့နံနက်က လျှပ်စစ်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်နှင့် တာဝန်ခံအင်ဂျင်နီယာများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သက်ဆိုင်ရာကျေးရွာ မီးလင်းရေးကော်မတီဝင်များ လိုက်ပါလျက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ပံ့ပိုးငွေကျပ်သိန်း ၁၀၀ နှုန်းအပြင် ပြည်သူထည့်ဝင်ငွေများ အကုန်အကျခံ ဆောင်ရွက်သော ဆင်ဖြူကုန်းကျေးရွာနှင့် သံဘိုကျေးရွာတို့၌ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်စံညွှန်းနှင့်အညီ ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
အဆိုပါ လျှပ်စစ်မီးလင်းရေးလုပ်ငန်းများမှာ ဆင်ဖြူကုန်းကျေးရွာ၌ မီးတိုင် ၃၉ တိုင် စိုက်ထူခြင်းနှင့် အရှည်ပေ ၄၀၀၀ ကျော်ရှိ မီးကြိုးသွယ်တန်းခြင်းလုပ်ငန်း၊ သံဘိုကျေးရွာ၌ မီးတိုင် ၂၂ တိုင် စိုက်ထူခြင်းနှင့် အရှည်ပေ ၆၀၀၀ ကျော်ရှိ မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းတို့ ဖြစ်ပြီး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက ဒေသခံကျေးရွာနေပြည်သူများအတွက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
အေးသူ


