နေပြည်တော်၊ ဇွန် ၁၈
စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယမန်နေ့ ညနေပိုင်းတွင် ရုံးအမှတ် (၃၀) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ စက်မှုလုပ်ငန်းများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် တာဝန်ပေးအပ် ထားပါကြောင်း၊ ပထမအဆင့်အနေဖြင့် နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများ၏ စက်ရုံဆိုင်ရာအချက် အလက်များ၊ လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများကို မှန်မှန်ကန်ကန်တင်ပြမှသာ မှန်ကန်သောမူဝါဒများကို ချမှတ်နိုင်မည်ဖြစ်ကြောင်း၊ ရပ်နားထားသည့်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းများရှာဖွေ၍ ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို ဝိုင်းဝန်းပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း။
ကျေးလက်နေပြည်သူများ လူမှု့စီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ထူထောင်နိုင်ရန် အားပေးရမည်ဖြစ်ကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး လုပ်ငန်းများကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စက်မှုကဏ္ဍနှင့် ပတ်သက်သည့် အခြေခံကောင်းသည့် မူဝါဒများချမှတ်နိုင်ရေး ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက် ၁၀ နာရီတွင် ရုံးအမှတ် (၃၀)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် စက်မှုဝန်ကြီးဌာနရှိ အင်ဂျင်နီယာများ၊ နည်းပညာရှင်များနှင့် နည်းပညာကျွမ်းကျင်သူများ မှတ်ပုံတင်နိုင်ရေး အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် သက်ဆိုင်သော အကြောင်းအရာများ ရှင်းလင်းဆွေးနွေး ခြင်းနှင့် စက်မှုလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရေး အကြိုအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ သက်ဆိုင်ရာနယ်ပယ်အလိုက် လုပ်ငန်းဆောင်ရွက် လျက်ရှိသည့် အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာကျွမ်းကျင် သူများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ၎င်းတို့အား စည်းမျဉ်းစည်းကမ်းနှင့်အညီ လုပ်ငန်းများဆောင်ရွက်ရန်နှင့် ကာကွယ်ပေး နိုင်ရေးအတွက် ဥပဒေပြဋ္ဌာန်းထားပါကြောင်း၊ အင်ဂျင်နီယာပညာရှင်၊ နည်းပညာရှင်များအနေဖြင့် ထုတ်ပြန်ထား သည့် ဥပဒေအတိုင်း အများပြည်သူနှင့် ဆက်စပ်သည့် လုပ်ငန်းများကို ဆောင်ရွက်ရန် မှတ်ပုံတင်လက်မှတ်ရှိရန် လိုအပ်ပါ ကြောင်း၊ ယခုဆွေးနွေးပွဲမှ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ချမှတ်နိုင်လိမ့် မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ဝန်ကြီးဌာနအဆင့် ဆွေးနွေးညှိနှိုင်း မှုများမှတစ်ဆင့် အမျိုးသားအဆင့်အထိ ဆက်လက်ဆွေးနွေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာချိုဝင်းမော်က မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏ ဥပဒေပါ တာဝန်များနှင့် စက်မှုဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် အပြန်အလှန် မေးမြန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


