နေပြည်တော် ဇွန် ၁၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ယနေ့တွင် မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာများ လက်ခံကုသနိုင်ရေး ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါနေရာတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၂၅၀)ကို လက်ခံကုသပေးနိုင်ရေးအတွက် လူနာခုတင်များ၊ လူနာအသုံး အဆောင်ပစ္စည်းများ အသင့်ပြင်ဆင်ထားရှိပြီး လိုအပ်မည့် ဆရာဝန်၊ သူနာပြုများအပါအဝင် ဆေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစီအစဉ်ဖြင့် တာဝန်ချ ထားဆောင်ရွက်မည်ဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် Myanmar Convention Centre (MCC)တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းဆရာ၊ ဆရာမများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနေမှုကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ်-၁၉ ကုသရေးဌာန(မရမ်းကုန်း) (အင်းယား စင်တာ)သို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ (၅၀၀) လက်ခံကုသနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကိုဗစ်-၁၉ ကုသရေးဌာနများတွင် နိုင်ငံသား ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများကို အချိန်နှင့်တစ်ပြေးညီ အခမဲ့ဆေးကုသမှုအပါအဝင် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှ ိကြောင်း သိရသည်။
(သတင်းစဉ်)


