ဇီးကုန်း၊ ၂၁ ဇွန်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့် လမ်းဆုံ၌ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြန်/ဆက် ဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှုအသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများကို အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်သွားလာရန်၊ ကျန်းမားရေးနှင့်အားကစား ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာရန်တို့ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ နှာခေါင်းစည်း အခုရေ (၃၀၀)ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းကို လူစည်ကားရာနေရာများ ဈေးပတ်ဝန်းကျင်နေရာများတွင် တစ်ပတ်လျှင် နှစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွား၊ မပြန့်ပွားစေရေးအတွက် ပြည်သူများအနေဖြင့် အထူးဂရုပြု သွားလာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း Mask (နှာခေါင်းစည်း)များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသောနေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကိုမကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာရန်တို့ကို အသံချဲ့စက်ဖြင့် လိုက်လံသတိပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)


