ကျွန်းလှ၊ ၂၁ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ဇွန် ၂၁ ရက်က ပျဉ်းမမြိုင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသည့် အိမ်ထောင်စုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသောပြည်သူများအား မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် မေလ(၃)ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုအခါ ရပ်ကွက်လေးရပ်ကွက်နှင့် ကျေးအုပ်စု(၁၃)အုပ်စုမှ အိမ်ထောင်စုလူဦးရေစာရင်း (၉၆)စု၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၇၆)ကတ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ကျန်ကျေးရွာအုပ်စုများနှင့် အခြေခံပညာကျောင်းများတွင်လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က ပြောကြားသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


