ဗန်းမောက်၊ ၂၁ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ် ညောင်ပင်သာကျေးရွာ မြို့နယ်ချင်းဆက် တောင်ပတ်လမ်းမပေါ်တွင် ဇွန် ၁၈ ရက်မှစ၍ သစ်သားတံတား (၄)စင်းကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။
ဗန်းမောက်မြို့နယ်မှ အင်းတော်မြို့နယ် ညောင်ပင်သာကျေးရွာ တောင်ပတ်လမ်းကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကျယ် ၁၈ ပေနှင့် အရှည် ၈ မိုင် ၇ ဖာလုံအား မြေသားလမ်းအဖြစ် ခင်းပေးထားပြီး လမ်းများကောင်းမွန်လာသော်လည်း မိုးရာသီတွင် တောင်ကျချောင်းရေများကြောင့် ယခင်က ဆောက်လုပ်ထားသောတံတားများမှာ ရေများတိုက်စားပြီး ပျက်စီးယိုယွင်းသွားခဲ့ကြောင်း၊ နေ့စဉ်သွားလာနေကြသည့် ဆိုင်ကယ်များနှင့် မော်တော်ကားများမှာ သွားလာရေး အခက်အခဲများစွာရှိသဖြင့် အလှူရှင် ဦးပူစီနံမှ ကျပ်သိန်း(၃၀) မတည်၍ မံထုံဒေသစိတ်မှ ဒေသခံပြည်သူများ ထည့်ဝင်လှုဒါန်းငွေကျပ်သိန်း (၆၀)နှင့် လုပ်အားဒါနများဖြင့် အရှည်(၁၈)ပေ၊ အကျယ်(၁၅)ပေ၊ အမြင့်(၇)ပေရှိ သစ်သားတံတားတစ်စင်းနှင့် အရှည်(၂၅)ပေ၊ အကျယ်(၁၅)၊ အမြင့်(၆)ပေရှိ သစ်သားတံတား စုစုပေါင်းတံတား (၄)စင်းအား ကိုယ့်အားကိုယ်ကိုးဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
"မိုးရာသီရောက်တဲ့အခါမှာ တောင်ကျရေတွေကြောင့်မို့လို့ တံတားတွေက ပျက်စီးနေတော့ နေ့စဉ်ခရီးသွားလာနေကြတဲ့ ဒေသခံပြည်သူများ သွားလာရေးအခက်အခဲတွေနဲ့ ဒုက္ခရောက်နေကြရတာမို့လို့ ဒီတံတားလေးစင်းကို ဦးပူစီနံက သိန်း(၃၀)မတည်ပြီးတော့ ကျွန်တော်တို့ဒေသခံပြည်သူက ထည့်ဝင်ငွေသိန်း (၆၀)နဲ့ တည်ဆောက်နေတာပါ"ဟု မံထုံကျေးရွာနေ ဦးအောင်မြင့်က ပြောသည်။
အဆိုပါသစ်သားတံတား (၄)စင်း တည်ဆောက်ပြီးစီးပါက ဗန်းမောက်မြို့နယ်မှ အင်းတော်မြို့နယ်များရှိ ကျေးရွာများသာမက ကချင်ပြည်နယ်ဒေသများသို့ ကုန်စည်စီးဆင်းမူများအပြင် စီးပွားရေး၊ လူမူရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့အတွက် အချိန်တိုအတွင်း သွားလာရေး လွယ်ကူချောမွေ့ ကောင်းမွန်လာတော့မည်ဖြစ်သည်။
လှိုင်ဘွား(ဗန်းမောက်)


