ကော့ကရိတ်၊ ၂၁ ဇွန်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ယခင်ပျက်စီးနေပြီဖြစ်သည့် ဒေါနခမ်းမအား ကော့ကရိတ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၊ ပြည်နယ်ဘတ်ဂျက် ရန်ပုံငွေဖြင့် ကော့ကရိတ်မြို့၊ အမှတ် (၃) ရပ်ကွက်၊ ပန်းခြံဝင်းအတွင်း အသစ်ပြန်လည်ဆောင်ရွက်လျက်ရှိသည့် ဒေါနခန်းမတည်ဆောက်ခြင်း လုပ်ငန်းမှာ (၇၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေါနခန်းမကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်နယ်ဘတ်ဂျက်ရန်ပုံငွေကျပ်သန်း(၂၂၆ ဒသမ ၇၀) ဖြင့် အလျား (၁၅၁)ပေ၊ အနံ(၇၁)ပေ၊ အမြင့်(၁၇)ပေရှိ One Storey Steel Structure ဒေါနခန်းမသစ် တည်ဆောက်ခြင်း လုပ်ငန်းကို ကောင်းမြတ်အောင်ကျော်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ ဒေါနခန်းမကို ဇန်နဝါရီလတွင် စတင်ဆောင်ရွက်လျက်ရှိရာ သြဂုတ်လအတွင်း အပြီးစီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒေါနခန်းမ ဆောက်လုပ်ပြီးစီးပါက ပြည်နယ်အဆင့် အကြီးအကဲများ လာရောက်ချိန်တွင် တွေ့ဆုံပွဲများကို ယခင်ကထက် ပိုမို ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည့်အပြင်၊ ကော့ကရိတ်ခရိုင် / မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများအနေဖြင့် တွေ့ဆုံပွဲများ၊ ဆွေးနွေးပွဲများနှင့် သင်တန်းများကိုလည်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မင်္ဂလာဧည့်ခံပွဲများ၊ မွေးနေ့ပွဲများကို ကျင်းပနိုင်မည်ဖြစ်ကြောင်း သိရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)


