ရန်ကုန်၊ ၂၁ ဇွန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော City Taxi နှင့် ကုန်တင်ယာဉ်များ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလတွင် ၂၀၂၀-ခုနှစ်၊ မတ်လ ၁၆ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရာ ဇူလိုင် ၁ ရက်တွင် မှတ်ပုံတင်ခြင်း လုပ်ငန်းများကို လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသွယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီမှ သိရသည်။
ကညနရုံးနှင့် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနတို့တွင် ယာဉ်များမှတ်ပုံတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ထိုသို့မှတ်ပုံတင်နိုင်ရန် လာရောက်သောပြည်သူတို့ကို Social Distancing နှင့်အညီ ကျယ်ဝန်းသောနေရာတွင်ဝန် ဆောင်မှုပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိရာ မှတ်ပုံတင်ပြုလုပ်မည့်နေရာကို မကြာမီရက်ပိုင်းအတွင်း ကြေညာပေးသွားမည် ဖြစ်သည်။
အထူးသဖြင့် ရန်ကုန်မြို့နေပြည်သူတို့ခရီးသွားလာရာတွင် ဝန်ဆောင်ပေးနေသော City Taxi များ အနေဖြင့် ရန်ကုန်မြို့တော်အင်္ဂါနှင့်အညီ မော်တော်ယာဉ် ဥပဒေတွင် ပြဋ္ဌာန်းထားသော စည်းကမ်းချက်၂၂ချက်ကိုလည်း ထုတ်ပြန်သွားမည် ဖြစ်သည်။
“ဇူလိုင်လ ၁ရက်နေ့ ကစပြီး CityTaxiနဲ့ ကုန်တင်ယာဉ်တွေ မှတ်ပုံတင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ပေးသွားမှာပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်း နဲ့အညီ ကျယ်ဝန်းတဲ့နေရာမှာ ဝန်ဆောင်မှု ပေးသွားမှာဖြစ်တဲ့အတွက် ဒီရက်ပိုင်းအတွင်း နေရာကို ထုတ်ပြန်ကြေညာပေးသွားမှာပါ။ ပြီးတော့ ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ တက္ကစီ ယာဉ်တွေပြေးဆွဲဖို့ စည်းကမ်းချက် ၂၂ ချက်လည်း ထုတ်ပြန်ထားပါတယ်။ ဖောက်ဖျက်ရင် ဒဏ်ငွေ ချမှတ်ခံရမှာပါ။ စစ်ဆေးရေအဖွဲ့ ၄ဖွဲ့က စစ်ဆေးသွားမှာပါ။ ယာဉ်မောင်းနဲ့ ပြည်သူ စည်းကမ်းလိုက်နာပြီး အားလုံးဝိုင်းဝန်း လက်တွဲဆောင်ရွက်မယ်ဆိုရင် ယာဉ်ကြော ပိတ်ဆို့မှုကို လျော့ကျစေမှာပါ”ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။
သတင်း-ညိမ်းသူ
ဓာတ်ပုံ-ကနူး


