နေပြည်တော် ဇွန် ၂၁
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် ဦးဆောင်သောအဖွဲ့သည် ဇွန် ၃ ရက်တွင် မင်းကုန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းကိုလည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ရွှေမြယာနှင့် လှေလှော်အင်း စိုက်ပျိုး မွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများကိုလည်းကောင်း၊ ဇွန် ၂၁ ရက်တွင် တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား များကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများရရှိခြင်း ရှိ မရှိ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် နေထိုင်စားသောက်မှုများကို မေးမြန်းမှတ်တမ်းတင်ခြင်းနှင့် တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသားများနှင့် တွေ့ဆုံကာ ၎င်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။
စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိ လတ်တလောဖြစ်ပွားလျက်ရှိ သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


