ရွှေဘို၊ ၂၂ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၌ ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးစိုက်ဧက (၁၁၈၅၀၀) ဧက လျာထား စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယနေ့ထိ သဖန်းဆိပ်ဆည်တွင် ဆည်ရေလက်ကျန် ဧကပေ ကိုးသိန်းရှိပြီး သဖန်းဆိပ် ဆည်ရေ လက်ကျန်ပေါ် မှုတည်၍ မိုးစပါးလျာထားစိုက်ပျိုးနိုင်ရေးအတွက် ယခုလပထမပတ်တွင် ကျင်းပသော စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီဌာန၊ စက်မှုလယ်ယာ ဦးစီးဌာန၊ ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာန တို့ပါဝင်သည့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ ရွှေဘိုမြို့နယ်၌ ယခုနှစ်မိုးစပါးရာသီတွင် မိုးစပါးစိုက်ဧက (၁၁၈၅၀၀)လျာထား စိုက်ပျိုးသွားမည်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဒေါ်ဇာဇာမင်း၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ မိုးစပါးလျာထားစိုက်ပျိုးထုတ်လုပ်နိုင်မည့် လျာထားဧကစာရင်းမှာ သဖန်းဆိပ်ဆည်ရေသောက် ဧရိယာ ဖြစ်သော SMC တူးမြောင်းမှ(၇၅၆၇၆)ဧကနှင့် OMC တူးမြောင်းမှ (၇၃၃၃)ဧက၊ ကံဖြူရေဟန့်ဆည်မှ (၁၉)ဧက၊ ကြိုးကြာဆည်မှ (၆၆၄)ဧက၊ ကိုးပင်ဆည်မှ (၂၇၈)ဧက၊ အခြားဆည်များမှ (၂၇)ဧက၊ စက်ရေတင်မှ (၂၀၃၃)ဧက၊ မြေအောက်ရေမှ (၇၂၂၂)ဧက၊ မိုးကောင်းသောက်မှ (၂၅၂၄၈)ဧက စုစုပေါင်းဧက (၁၁၈၅၀၀) ဖြစ်ပြီး စပါးမျိုးအလိုက် စိုက်ဧကများအဖြစ် ရွှေဘို ပေါ်ဆန်းမွှေးစပါး စိုက်ဧက(၇၅၃၀၀)၊ ဧရာမင်းစပါးစိုက်ဧက (၅၂၀၀)၊ မနောဟရီစပါးစိုက်ဧက(၂၉၀၃၆)၊ ရွှေသွယ်ရင်စပါး ဧက (၈၉၆၄)လျာထားကြောင်းနှင့် ယခင်နှစ်တွင် မိုးစပါးစိုက်ဧက(၁၀၅၉၉၁)စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်


