၂၂ ဇွန်
ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံများ အများဆုံးလည်ပတ်ရာ ရွှေလင်ပန်းစက်ရုံ၌ ယခုနှစ် မိုးရာသီ၌ စက်ရုံလမ်းအချို့ရေဝပ်ရေလျံမှုဖြစ်ပေါ်လျက်ရှိရာ စက်မှုဇုန်အနေဖြင့် ရေစီးရေလာကောင်းမွန်ရေးနှင့် စက်ရုံကြို /ပို့ယာဉ်နှင့်အလုပ်သမားများသွားလာရေးအဆင်ပြေချောမွေ့စေရန် စက်ရုံများစုပေါင်း၍ ကွန်ကရစ် လမ်းထပ်ပိုးခင်းရန် ယခုအပတ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ စက်မှုဇုန်အစီအစဉ်နဲ့ ဒီရက်ပိုင်းအတွင်း အစည်းအဝေးခေါ်ပြီး လိုအပ်တဲ့လမ်းတွေကို ကွန်ကရစ်လမ်း ထပ်ပိုးခင်းဖို့ဆွေးနွေးဖို့ရှိပါတယ်။ လိုအပ်တဲ့လမ်းတွေကို ထပ်ပိုးလွှာခင်းဖို့ ဒီရာသီမှာပဲ ဆက်လုပ်သွားမှာပါ။ လကုန်ပိုင်းစက်ရုံတွေဆက်လက်လည်ပတ်နေမှာပါ။ တစ်လ၊ နှစ်လယာယီပိတ်ထားတဲ့ စက်ရုံအချို့တော့ရှိမယ်။ ဒီဇုန်မှာအထည်ချုပ်စက်ရုံတွေများတယ်။ ဒါကြောင့်စက်မှုဇုန်ရေဝပ်လျံမဖြစ်အောင် ဇုန်အနေနဲ့အမြဲတန်းကြိုးစားနေပါတယ်”ဟု ရွှေလင်ပန်းစက်မှုဇုန်ကော်မတီရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ဧက ၁၁၀၀ ကျယ်ဝန်းသောရွှေလင်ပန်းစက်မှုဇုန်တွင် စက်ရုံပေါင်း ၄၀၀ ကျော်၌ စက်ရုံလမ်းပေါင်း ၃၇ လမ်းရှိပြီး ကွန်ကရစ် လမ်းခင်းရန်လမ်းပေါင်း ၁၀ လမ်းကျန်ရှိရာ ထိုလမ်းတို့မှာ မိုးများသော ယခုလအတွင်း ရေဝပ်ရေလျှံမှုကြောင့် စက်ရုံကြို/ပို့ယာဉ်များနှင့် အလုပ်သမားများ သွားလာရေး ခက်ခဲလျက်ရှိ၍ စက်မှုဇုန်အတွင်း ရေဝပ်ရေလျံမှုကင်းဝေးစေရန် ကျန်ရှိသော လမ်းများကို ကွန်ကရစ်လမ်း ထပ်ပိုးခင်းရန်ဆောင်ရွက်ခြင်းဖြစ်သည်။
ရွှေလင်ပန်းစက်မှုဇုန်တွင် ကုန်ထုတ်ပစ္စည်းများ သယ်ယူပို့ဆောင်မှု အဆင်ပြေချောမွေ့စေရန်၊ စက်ရုံ လုပ်သားများနှင့် စက်ရုံကြို/ပို့ယာဉ်များ သွားလာရေးအဆင်ပြေစေရန် စက်မှုဇုန် အတွင်းရေဝပ်ရေလျှံမှု ဖြစ်ပေါ်နေသောလမ်းများကို ထပ်ပိုးခင်းကျင်းနိုင်ရန် စက်ရုံများ တွေ့ဆုံညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-ကနူး
သတင်း- ညိမ်းသူ


