မိုးကုတ် ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မိုးကုတ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပြန်လည်မြင့်မားလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး မြို့ဝင်စစ်ဆေးရေးဂိတ်များ ဇွန် ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ ပြန်လည်ဖွင့်လှစ် စစ်ဆေးနေကြောင်း သိရသည်။

မိုးကုတ်မြို့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးအတွက် အင်းဂေါင်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်၊ ပန်းမထိပ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်နှင့် ရှုခင်းသာ စစ်ဆေးရေး ဂိတ်များဖွင့်လှစ်ထားရှိကာ အများပြည်သူ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်များမှ စစ်ဆေးမှုအား ကြည်ဖြူစွာလိုက်နာကြပါရန်နှင့် Mask တပ်စေခြင်း၊ စနစ်တကျ လက်ဆေးစေခြင်း၊ Hand Gel ဖြင့် လက်သန့်စင်ခြင်း၊ အပူချိန်တိုင်းတာခြင်း စသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်များကို အထူးအလေးထား လိုက်နာကြစေရန် ဗီနိုင်း၊ ပိုစတာများကပ်ပေးထားခြင်းများအား ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့စည်းများဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)

 

mdn