နေပြည်တော် ဇွန် ၂၃

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယနေ့ကျင်းပသည့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ပေးအပ်ပွဲတွင် ကိုယ်စားလှယ်များဖြင့် ပေးအပ်လိုက်သည့် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ NSSA နည်းပညာ အထောက်အကူပြုရုံးများ၊ သက်ဆိုင်ရာ Assessment Center များမှတစ်ဆင့် ကျွမ်းကျင်လုပ်သားများထံသို့ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များပေးအပ်ခဲ့ရာ ယခုအထိ အလုပ်အကိုင် အမျိုးပေါင်း (၃၀)အတွက် အရည်အချင်းပြည့်မီသူ ကျွမ်းကျင်လုပ်သား (၁၆၆၃၆) ဦးရှိခဲ့ပြီး၊ ကျွမ်းကျင်လုပ်သား (၁၄၃၆၃)ဦးကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ပါကြောင်း။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း NSSA အနေဖြင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးကို ခေတ္တရပ်နားထားခဲ့ရပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်သား (၃၀၀၀) စစ်ဆေးအကဲဖြတ်ရန် လျာထားမှုအပေါ် (၁၃၆) ဦးကိုသာ စစ်ဆေးပေးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးနှစ် ကျန်ရှိသည့် (၃) လတာအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးအကဲ ဖြတ်မှုလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း။

NSSA ၏ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရရှိထားသည့် ကျွမ်းကျင်လုပ်သားများအနေဖြင့် မိမိတို့ရရှိထားသည့် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ကို တန်ဖိုးထားပြီး ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ကျွမ်းကျင်မှုများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးက တက်ညီလက်ညီ လက်တွဲပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို Inspector ၊ Assessor ၊ Assessment Center နှင့် ကျွမ်းကျင်လုပ်သားများကိုယ်စား ကိုယ်စားလှယ်အသီးသီးထံ ပေးအပ်ကြသည်။

ထို့နောက် အလုပ်ရှင်များကိုယ်စား မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးအေးလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှုအဆင့် (၁) အလုပ်အကိုင် (၁၇) မျိုးတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား (၁၀၁၄)ဦးနှင့် ကျွမ်းကျင်မှု အဆင့်(၂) အလုပ်အကိုင် (၃)မျိုးတွင် ဖြေဆိုအောင်မြင်ခဲ့သည့် ကျွမ်းကျင်လုပ်သား (၅၉)ဦး၊ စစ်ဆေးအကဲဖြတ်ရေးဌာန (၃)ခု၊ Inspector (၅)ဦးနှင့် Assessor (၃၅)ဦးတို့ကို ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ Online မှတစ်ဆင့် အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်