ရန်ကုန် ဇွန် ၂၃
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက် ၇ နာရီခွဲက တောင်ဥက္ကလာပမြို့နယ်၊ (၁၁)ရပ်ကွက်၊ (မေတ္တာလမ်းနှင့် ဥဇနာလမ်းထောင့်)၊ ကျိုက္ကဆံချောင်းအား လူအင်အား၊ စက်ယန္တရားတို့ဖြင့် ဒိုက်၊ အမှိုက်၊ ဗေဒါပင်များအား ဆယ်ယူရှင်းလင်းနေမှု၊ ချောင်းဘေးပေါက် ရောက်နေသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ဖယ်ရှား ရှင်းလင်းနေမှုကိုလည်းကောင်း၊ သာကေတမြို့နယ်၊ ၁၀/တောင် ရပ်ကွက်၊ သန်လျင်တံတားချဉ်းကပ် လမ်းဘေးရှိ အမှတ်(၄၆) အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း ရေဝပ်လျက်ရှိသဖြင့် ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ရေစုပ်ထုတ်နေမှု၊ ရေစုကန်များတူးဖော်နေမှုနှင့် ရေဝပ်နေရာများ သဲဖို့နေမှု လုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ရေစီးရေလာစီမံခန့်ခွဲမှုဌာနမှ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် အမှတ် (၆၁)ရပ်ကွက်၊ ဧရာဝဏ်လမ်းဘေး ဆယ်ပေါက်ချောင်းအတွင်းရှိ ဗေဒါ၊ အမှိုက်၊ နုန်းများ ဆယ်ယူရှင်းလင်းနေမှုကိုလည်းကောင်း၊ ရေအရင်းအမြစ်နှင့် ရေပေးဝေရေးဌာနမှ ဆောင်ရွက်နေသော ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ် (၆၉)ရပ်ကွက်၊ ပုဂံလမ်းရှိ ရေပေးဝေရေးဇုန် (၈) ရေစုကန်နှင့် ရေတွန်းစက်ကို လည်းကောင်း ရောက်ရှိစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


