မကွေး ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ စိုက်ပျိုးမြေဧက ၃၇၀၀ အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းနှစ်လမ်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးကွက်သို့ အချိန်မီ ရောက်ရှိရေးအတွက် ကုန်ထုတ်လမ်း၊ တံတားများဖောက်လုပ်ပေးလျက်ရှိကြောင်း၊ ယခု ဘဏ္ဍာရေးနှစ်တွင် ဦးစီးဌာန ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၂ ဒသမ ၄ သန်းဖြင့် မကွေးမြို့နယ်အတွင်းရှိ သမန်းတော(မ) ကျေးရွာ ကုန်ထုတ်လမ်း အရှည် နှစ်မိုင်၊ ၄ ဒသမ ၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်း၊ နတ်ကန်ကျေးရွာ ကုန်ထုတ်လမ်း အရှည် ၁၄၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့်  မြေနီကျောက်စရစ် ရှစ်လက်မထု ခင်းခြင်းနှင့် ကုန်ထုတ်တံတားအဖြစ် အရှည် ၂၄ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၆ ပေရှိ ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် ဟိန်းလျှံစိုးကုမ္ပဏီနှင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိုးက ပြောသည်။

အဆိုပါ သမန်းတော(မ)ကျေးရွာနှင့် နတ်ကန်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်မှုကြောင့် အကျိုးပြု ကျေးရွာနှစ်ရွာ၊ အိမ်ခြေ(၉၀၉)၊ လူဦးရေ (၃၉၁၉)ဦးတို့၏ စိုက်ပျိုးမြေဧက ၃၇၇၆ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါစိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်တွေကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)