mdn

ရန်ကုန် ၂၃ ဇွန်

အာဆီယံဘောလုံးအဖွဲ့ချုပ်က ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသည့် အာဆီယံအဆင့်ပြိုင်ပွဲအများစုမှာ ကျင်းပနိုင်ရန် မသေချာသေးဘဲ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် ကျင်းပနိုင်ခြင်း ရှိ၊ မရှိ အတည်ပြုမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံအဆင့်ပြိုင်ပွဲအားလုံး ဖျက်သိမ်းခဲ့ရပြီး ယခုနှစ်တွင်လည်း ကျင်းပနိုင်ရန် မသေချာသေးသည့်အနေအထားနှင့် ထပ်မံရင်ဆိုင်နေရခြင်းဖြစ်သည်။


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင် ဘောလုံးအမျိုးသားပြိုင်ပွဲ သုံးခု၊ အမျိုးသမီးပြိုင်ပွဲ သုံးခု၊ ဖူဆယ်ပြိုင်ပွဲနှစ်ခုနှင့် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲတစ်ခုဖြင့် ပြိုင်ပွဲစုစုပေါင်း ကိုးခုအထိကျင်းပရန် စီစဉ်ထားခြင်းဖြစ်သည်။  အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသည့်ပြိုင်ပွဲများအနက် ကပ်ရောဂါအခြေအနေကြောင့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုသာ ကျင်းပနိုင်ရန် ဆောင်ရွက်လျက်ရှိပြီး ကျန်ပြိုင်ပွဲအများစုမှာ ဖျက်သိမ်းရမည့်အနေအထားတွင်ရှိနေခြင်းဖြစ်သည်။ 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်တွင်ကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲကိုးခုအနက် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုသာ စပွန်ဆာကိစ္စကြောင့် မဖြစ်မနေကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ကျန်ပြိုင်ပွဲများဖြစ်သည့် အမျိုးသားပြိုင်ပွဲများဖြစ်သည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ပြိုင်ပွဲ၊ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ၊ အာဆီယံ သဲသောင်ပြင်ဘောလုံးပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲများဖြစ်သည့် အာဆီယံ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၊ အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲနှင့် အာဆီယံ ယူ-၁၆ ဘောလုံးပြိုင်ပွဲတို့မှာ ကျင်းပနိုင်ရန် မသေချာသေးခြင်းဖြစ်သည်။ 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယင်းပြိုင်ပွဲရှစ်ခုကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့၌ ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး သြဂုတ်နောက်ပိုင်းပြုလုပ်ရန် လျာထားခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေးကော်မတီအစည်းအဝေးတွင် ယခုနှစ်အတွင်းကျင်းပရန် စီစဉ်ထားသည့် ပြိုင်ပွဲများနှင့်ပတ်သက်၍ ထုတ်ပြန်မည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံအများစုတွင် ကပ်ရောဂါကူးစက်မှုနှုန်းမှာ သိသိသာသာမြင့်တက်လာသဖြင့် ပြိုင်ပွဲများကျင်းပနိုင်ရန် ခက်ခဲနိုင်ဖွယ်ရှိနေသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုသာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပရန် ရက်သတ်မှတ်ထားပြီး အုပ်စုမဲခွဲပွဲကို သြဂုတ် ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

မြန်မာအသင်းများအနေဖြင့် အာဆီယံဘောလုံးအဖွဲ့ချုပ်ကကျင်းပသည့်ပြိုင်ပွဲအများစုတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်တွင်ကျင်းပမည့်ပြိုင်ပွဲများအနက် သဲသောင်ပြင်ဘောလုံးပြိုင်ပွဲမှလွဲ၍ ကျန်ပြိုင်ပွဲအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သတင်း-ရဲရင့်လွင်