ဆောင်းဂျွန်ကီရဲ့ ရုပ်ရှင်သစ်ကို တောင်ကိုရီးယားတွင် အပြီးသတ်ရိုက်ကူးမည်

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ဆောင်းဂျွန်ကီဟာ မှုခင်းရုပ်ရှင် Bogota ရိုက်ကူးလျက်ရှိရာမှာ ယခင်က ကိုလံဘီယာမှာ သွားရောက်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ လတ်တလော မှာတော့ အဆိုပါရုပ်ရှင်ကို တောင်ကိုရီးယားမှာ အပြီးသတ်ရိုက်ကူးသွားဖို့ရာ စီစဉ်ထားကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

Bogota ရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်အတွင်း ကိုလံဘီယာမှာ စတင်ခဲ့တာပါ။ ဒါပေမဲ့ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုတွေကြောင့် ရိုက်ကူးရေးလုပ်ငန်းတွေကို ရပ်နားထား ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါရုပ်ရှင်ရဲ့ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်စတင်နေပြီ ဖြစ်ကြောင်း ဇွန် ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ကို တောင်ကိုရီးယားမှာ ဆက်လက် ရိုက်ကူးနေတာဖြစ်ပြီး ဇွန် ၂၁ ရက်မှစတင်ကာ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်စတင်ခဲ့တာ ဖြစ်တယ် လို့လည်း သိရပါတယ်။

အဆိုပါရုပ်ရှင်ဟာ ၁၉၉၀ ပြည့်နှစ်ကာလတွေကို နောက်ခံထား ဖန်တီးထားတာပါ။ ယင်းရုပ်ရှင်ဟာ အသက် ၃၀ ဝန်းကျင်အမျိုးသားတစ်ဦး ကိုလံဘီယာကို ပြောင်းရွှေ့လာပြီးနောက် အဲဒီက ဈေးတစ်ခု အတွင်း အခြေချနိုင်ဖို့ ကြိုးပမ်းခဲ့ပုံကို ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှစတင် ကာ ကိုလံဘီယာမှာ ရိုက်ကူးရေးလုပ်ငန်းတွေ စတင်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် မတ်လအတွင်းမှာ ရပ်နားခဲ့ရတာဖြစ်ပါတယ်။ ရပ်နားထားချိန်မှာ ထုတ်လုပ်ရေးပိုင်းဆိုင်ရာတွေ စီစဉ်ခဲ့ပြီးနောက် ရုပ်ရှင်ရဲ့ ကျန်ရှိနေတဲ့အပိုင်းတွေကို တောင်ကိုရီးယားမှာ ဆက်လက်ရိုက်ကူးသွားမှာ ဖြစ်ပြီး နောက်ထပ်သုံးလခန့် အချိန်ယူရိုက်ကူးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အေးပြည့်