ဘေဘုတ်မှာ မှတ်တမ်းသစ်ရေးထိုးလိုက်တဲ့ TWICE

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသမီးတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE ဟာ ဘေဘုတ်မှာ ရောင်းအားအကောင်းဆုံးသော တေးအယ်လ်ဘမ် စာရင်းသုံးခုစလုံးမှာ နံပါတ်တစ်နေရာ ရယူနိုင်ခဲ့ပါတယ်။ TWICE ရဲ့ တေးအယ်လ်ဘမ်သစ်ဟာ မီနီတေးအယ်လ်ဘမ်အမျိုးအစားဖြစ်ပြီး မီနီတေး အယ်လ်ဘမ်နဲ့ ဘေဘုတ်တေးဂီတဇယားတွေကို ဦးဆောင်နိုင်တာဟာ ဒေသတွင်းမှာသာမက နိုင်ငံတကာအမျိုးသမီးတေးဂီတအဖွဲ့တွေအနက် TWICE က ပထမဆုံးဖြစ်ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

နံပါတ်တစ်နေရာ ရယူထား

TWICE ဟာ မကြာသေးမီက အဖွဲ့ရဲ့ မီနီတေးအယ်လ်ဘမ်သစ် Taste of Love ကို စတင်ထုတ်လွှင့် ပေးခဲ့တာပါ။ အဆိုပါတေးအယ်လ်ဘမ်ဟာ လက်ရှိမှာ ဘေဘုတ်ရဲ့ ရောင်းအားအကောင်းဆုံး တေးအယ်လ်ဘမ်စာရင်းသုံးခုဖြစ်တဲ့ ထိပ်တန်းတေးအယ်လ်ဘမ် အရောင်းစာရင်း၊ လက်ရှိ ထိပ်တန်းတေးအယ်လ်ဘမ်အရောင်းစာရင်းနဲ့ ကမ္ဘာ့တေးအယ်လ်ဘမ်စာရင်း တို့မှာ နံပါတ်တစ်နေရာ ရယူထားတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် TWICE ရဲ့ မီနီတေးအယ်လ်ဘမ်သစ်ဟာ ယခုသီတင်းပတ်အတွင်း ဘေဘုတ်ရဲ့ ထိပ်တန်း တေးအယ်လ်ဘမ် ၁၀ အတွင်း ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ Taste of Love ဟာ အဆိုပါ စာရင်းရဲ့ နံပါတ် ၆ နေရာကို ရယူထားနိုင်ပြီး အဖွဲ့အတွက် အောင်မြင်မှုသစ်တွေ ယူဆောင်ပေးနိုင်တဲ့ တေးအယ်လ်ဘမ်တစ်ခုလည်း ဖြစ်ပါတယ်။ ဘေဘုတ်ရဲ့ အနုပညာရှင် ၁၀၀ စာရင်းမှာလည်း TWICE ပါဝင်ပြီး ထိပ်တန်း ၁၀ ဦးစာရင်းရဲ့ နံပါတ် ၉ နေရာမှာ ရပ်တည်နေပါတယ်။

အဆိုပါတေးအယ်လ်ဘမ်သစ်မှာ ပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Alcohol-free ဟာလည်း ဘေဘုတ်ရဲ့ ကမ္ဘာ့ဒစ်ဂျစ်တယ်တေးသီချင်း အရောင်းစာရင်းမှာ နံပါတ် ၃ နေရာမှာ ရပ်တည်နေကြောင်း လည်း သိရပါတယ်။

အေးပြည့်