နေပြည်တော်၊ ဇွန် ၂၅
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းကြီးကြပ်မှုကော်မတီကို ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ် (၁၂) ဦးဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းတာဝန် (၁၀) ချက် သတ်မှတ်ထားရှိသော်လည်း အဓိကလုပ်ငန်းတာဝန်များမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း/ ဝန်ကြီးဌာနများတွင်ရှိသော နိုင်ငံပိုင် မော်တော်ယာဉ်၊ မီးရထား၊ ရေယာဉ်၊ လေယာဉ်အပါအဝင် စက်ပစ္စည်းများကို အကျိုးရှိစွာ အသုံးချနိုင်ရေး စိစစ်ကြပ်မတ်ခြင်းနှင့် လိုအပ်သည့် မူဝါဒ၊ ညွှန်ကြားချက်များ ချမှတ်ပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများတွင်ရှိသော သက်တမ်းလွန်နေသည့် ဆီတွဲ၊ မီးရထားတွဲ၊ မော်တော်ယာဉ်များအား ပြင်ဆင်ပြီးအသုံးပြုရန်နှင့် ပြင်ဆင်မရပါက ဆောလျင်စွာ လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းရှင်းလင်းနိုင်ရေး ဆောင်ရွက်သွားရန်” ဟု လမ်းညွှန်မှုပြုထားသဖြင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့်လည်း ကော်မတီက ဆောင်ရွက်နေသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းအဆင်ပြေစွာ ဆောင်ရွက်နိုင်ရန်တို့အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြပါရန်နှင့် တင်ပြလိုသည်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအကြံပြုပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်ပစ္စည်းကြီးကြပ်မှုကော်မတီ အတွင်းရေမှူး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုညှိနှိုင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


