အင်ဒီယာနာဂျွန်းစ် ရုပ်ရှင်သစ်ရိုက်ကူးနေစဉ် ဟယ်ရီစင်ဖို့ဒ် ဒဏ်ရာရရှိ

ကျော်ကြားတဲ့ ဟောလိဝုဒ်မင်းသားကြီး ဟယ်ရီစင်ဖို့ဒ်ဟာ စွန့်စားခန်းရုပ်ရှင် အမျိုးအစားဖြစ်တဲ့ Indiana Jones ရုပ်ရှင်တွေမှာ အဓိကဇာတ်ဆောင် အင်ဒီယာနာဂျုန်းစ်အဖြစ် ပင်တိုင်ပါဝင် သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ လတ်လောမှာ မင်းသားကြီးဟာ အင်ဒီယာနာဂျုန်းစ် ရုပ်ရှင်သစ် ရိုက်ကူးနေစဉ် ပခုံးမှာ ဒဏ်ရာရရှိခဲ့ကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဟယ်ရီစင်ဖို့ဒ်အနေနဲ့ ရိုက်ကွင်းမှာ ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါရုပ်ရှင်ကို ထုတ်လုပ်မယ့် ဝေါ့ဒစ်စနေ ကုမ္ပဏီဘက်က ဇွန် ၂၃ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဟယ်ရီစင်ဖို့ဒ်ဟာ အဆိုပါရုပ်ရှင်သစ် အတွက် တိုက်ခိုက်ရေးဇာတ်ဝင်ခန်းတစ်ခန်းကို အစမ်းရိုက်ကူးနေစဉ် ပခုံးကို ထိခိုက်မိခဲ့တာပါ။

မင်းသားကြီး ဒဏ်ရာရရှိခဲ့တာကြောင့် ငါးကားမြောက် အင်ဒီယာနာဂျုန်းစ် ရုပ်ရှင်သစ်အတွက် ရိုက်ကူး ရေးကို သင့်လျော်တဲ့အချိန်မှာ ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီစင်ဖို့ဒ်ဟာ လက်ရှိမှာ ကုသမှုခံယူနေပြီး ပြန်လည်ကောင်းမွန်ချိန်မှာမှ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်စတင်မှာပါ။

အင်ဒီယာနာဂျုန်းစ်ရုပ်ရှင်သစ် ရုံတင်ပြသမယ့်ရက်ကို ယခင်က အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပါတယ်။ လက်ရှိ မှာ အဆိုပါရုပ်ရှင်သစ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း စတင်ပြသနိုင်ဖို့ရာ ရည်ရွယ်ထားပြီး ထုတ်လုပ် ရေးပိုင်း ဆိုင်ရာများကို ယခုလအစပိုင်းက လန်ဒန်မှာ စတင်လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။

အေးပြည့်