မြစ်ကြီးနား ၂၅ ဇွန်
ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဖားကန့် ဒေသ သဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က မြန်မာနိုင်ငံနှင့် ကချင်ပြည်နယ်အတွင်း သဘာဝဘေး ဖြစ်ပွားခဲ့မှုနှင့် ဖားကန့်ဒေသ မြေပြိုမှုဖြစ်စဉ် အခြေအနေများအပေါ် သဘာဝ ဘေးအန္တရာယ်အရေးပေါ် တုံ့ပြန်နိုင်ရေး ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ်အတွင်း ဖြစ်ပွားသော ပြင်းထန်သည့် ရာသီဥတုအခြေအနေများ အပါအဝင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ ဆန်းစစ်ချက်များကို အခြေခံ၍ ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေး လုပ်ငန်းစဉ်များကို အများပြည်သူ သိရှိအောင်ဆောင်ရွက်ရေး၊ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေများအား လျော့ချနိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံချက်များကိုရေးဆွဲပြီး ညှိနှိုင်းပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရေး၊ တုံ့ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် တွဲဖက်အတွင်းရေးမှူး၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများအပေါ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် အသိပညာပေးခြင်း လုပ်ငန်းများ၊ ခရိုင်အလိုက် ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ စုဆောင်းထားရှိမှု အခြေအနေများကိုလည်းကောင်း ဖားကန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က မြို့နယ်အတွင်း မြေပြိုမှု၊ ရေကြီးမှုစသည့် သဘာဝဘေးဖြစ်စဉ်များကြောင့် ထိခိုက်ဆုံးရှုံးခဲ့မှု အခြေအနေများ၊ အန္တရာယ်ရှိသည့်နေရာများကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စီမံဆောင်ရွက်နေမှုများကို ပါဝါပွိုင့်ဖြင့်လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများက ကချင်ပြည်နယ်နှင့် ဖားကန့်ဒေသတို့တွင် ရာသီဥတုအခြေအနေအပေါ် မူတည်၍ ဖြစ်ပွားတတ်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးတို့အတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲ ဆောင်ရွက်ထားရှိမှုနှင့် ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ထားရှိမှုများကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ ကြသည်။
တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကြိုတင်ကာကွယ်ရေးအတွက် ရိက္ခာစုဆောင်းထားရှိရေး၊ ကယ်ဆယ်ရေးသုံးပစ္စည်းများ အလုံအလောက် စုဆောင်းထားရှိရေး၊ ယခုနှစ်အတွက် ဘေးအန္တရာယ် ဖြစ်ပွားနိုင်ခြေရှိသည့် နေရာဒေသများတွင် ကြိုတင်ပြင်ဆင် စုဖွဲ့ဆောင်ရွက်ထားကြရေးနှင့် နောက်ဆက်တွဲ လုပ်ငန်းများအတွက်ကိုလည်း အလျင်အမြန် ဆောင်ရွက်ပေးနိုင်ရေး၊ ဖားကန့်ဒေသ မြေပြိုမှုဖြစ်စဉ်များ လျော့ချနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် အသိပညာပေးခြင်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ကျင်းပရေး၊ ဥရုချောင်းရေကြီးမှုအတွက် ချောင်းရှင်းလင်းရေး လုပ်ငန်းများ စနစ်တကျ ဖြစ်စေရေးတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်အတွင်း ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ (၁၀) နှစ်တာ ကာလအတွင်း မှတ်တမ်းများအရ သဘာဝနှင့် လူ့ပယောဂကြောင့် ဘေးဖြစ်ပွားမှုအကြိမ်ပေါင်း ၇၅၀ ကျော်ရှိခဲ့ရာ တစ်နှစ်လျှင် ပျမ်းမျှ ၇၀ ကျော်ခန့်ရှိပြီး သဘာဝဘေးဖြစ်ပွားမှုများကို ဆန်းစစ်ချက်အရ အဖြစ်အများဆုံးမှာ မီးဘေး၊ ထိခိုက်မှုအများဆုံးဘေးမှာ ရေလွှမ်းမိုးခြင်းဘေး၊ ဆုံးရှုံးမှုအများဆုံးမှာ လေဘေးနှင့် သေဆုံးမှုအများဆုံးမှာ မြေစာပြိုဘေးတို့ဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအပြီးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များသည် ဇွန် ၂၃ ရက်နေ့ ညပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာရှိ ဗလမင်းထင် ပူးပေါင်းစစ်ဆေးရေးဂိတ်အား KIA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဆေးရေးဂိတ်နှင့် ရဲကင်းစခန်းတို့အား လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်ပျက်စီးမှု အနည်းငယ်ဖြစ်ပေါ်ခဲ့သဖြင့် ပျက်ဆီးဆုံးရှုံးမှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဂိတ်တာဝန်ကျတပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများကို အားပေးစကား ပြောကြားကာက ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေကျပ် ၄ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ပြည်နယ်ပြန်/ဆက်


