ဟိုပန် ဇွန် ၂၅
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ယမန်နေ့က ကိုဗစ်-၁၉ရောဂါအတည်ပြု လူနာ (၄)ဦး တွေ့ရှိရသဖြင့် ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ လူနာကုသဆောင်၌ထားရှိ၍ သီးခြားကုသမှု ခံယူနေကြောင်း သိရသည်။
ဟိုပန်မြို့နယ်၊ မန်ခွန်ရပ်ကွက်တွင်နေထိုင်သည့် ဦးစိုင်းထွန်းလှသည် ဇွန် ၁၉ ရက်တွင် ကျိုင်းတုံမှ ဟိုပန်မြို့သို့ ပြန်လာခဲ့ရာ နေမကောင်းသဖြင့် ဇွန် ၂၄ ရက်တွင် ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံ၌ သံသယလူနာ အဖြစ်(Swab)စစ်ဆေးခဲ့ရာ Positive ထွက်ခဲ့ကြောင်း၊ ၎င်းနှင့်အတူနေ မိသားစုဝင်သုံးဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT (Test Kit) ဖြင့် ထပ်မံစစ်ဆေးရာ (Positive) ထွက်ခဲ့သည်။
အဆိုပါ လူနာ(၄)ဦးကို ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ လူနာကုသဆောင်၌ သီးခြားဆေးကုသမှုပေးလျက်ရှိပြီး ၎င်းတို့ နေအိမ်နှင့် လမ်းများကို Lock Down ပြုလုပ်ထားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ လူနာ(၄)ဦးထဲတွင် အသက်(၁)နှစ် (၈)လအရွယ် ကလေးတစ်ဦးပါ ပါဝင်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)