မုဒုံ ဇွန် ၂၅   
        
Rubber Wood ကုမ္ပဏီများမှ မွန်ပြည်နယ်အတွင်း ရော်ဘာပင်အို ခုတ်လှဲခွင့်ရ တောင်သူများသို့ ရော်ဘာပျိုးပင်များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် မုဒုံမြို့၊နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၊ ရော်ဘာပျိုးခင်းတွင် ကျင်းပရာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးဇော်လင်းထွန်း နှင့် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများတက်ရောက်သည်။ 

ရှေးဦးစွာ မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းက  အမှာ စကား ပြောကြား ရာတွင် မြန်မာနိုင်ငံသည် ရော်ဘာစိုက်ပျိုးထုတ်လုပ်သော နိုင်ငံများ တွင် အစောဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုကို ၁၉၀၅ ခုနှစ် ကတည်းက စတင်ခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံး၏ ရော်ဘာစိုက်ဧကမှာ ၁၆ သိန်းကျော် ရှိပြီး မွန်ပြည်နယ်တွင်  ရော်ဘာစိုက်ဧက ၅ သိန်းကျော်ရှိသည့်အတွက်   မွန်ပြည်နယ် သည် တစ်နိုင်ငံလုံးတွင် ၃၀ ရာခိုင်နှုန်းကျော်စိုက်ပျိုးသော ပြည်နယ် ဖြစ်သလို ရော်ဘာပြည်နယ်လို့လည်း ပြောလို့ရပါကြောင်း၊   လက်ရှိထုတ်လုပ်နေသည့် ရော်ဘာအရည်အသွေးသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျလျက်ရှိသောကြောင့် နိုင်ငံတကာဈေးကွက်တွင် မယှဉ်ပြိုင်နိုင်ဘဲ ဈေးနှုန်းကျဆင်းလျက်ရှိတာကို တွေ့ရှိရပါကြောင်း၊ ပြည်ပသို့ တင်ပို့နိုင်ရန်အတွက် အဓိကအားဖြင့် အရည်အသွေးမြင့် မျိုးကောင်း မျိုးသန့် ရော်ဘာများကို စိုက်ပျိုးရန်လိုမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် သုံးနှစ်အတွင်း ပင်အို/ ပင်ဟောင်း ရော်ဘာခုတ်လှဲခွင့်ပြုထားသည့် ဧက(၄၈၁၅.၉၅) ဧကရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ခုတ်လှဲခွင့်ပြုဧက (၁၀၅၂.၂၈)ဧကရှိပြီး ခုတ်လှဲသည့် မြို့နယ်ဧရိယာများအား မျိုးကောင်းမျိုးသန့်များကို မဖြစ်မနေ ပြန်လည် စိုက်ပျိုးရမှာဖြစ်ကြောင်း၊ ယနေ့အခမ်းအနား၌ ပင်အိုပင်ဟောင်းများ ခုတ်လှဲသည့်နေရာများတွင် ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန် တောင်သူတွေလိုအပ်သည့် မျိုးကောင်းမျိုးသန့်ပျိုးပင်များကို အခမဲ့ပေးအပ်နိုင်ရန်အတွက် ရော်ဘာမျိုးကောင်းမျိုး သန့်ပျိုးပင်များကို စိုက်ပျိုးရေးဦးစီးဌာနမှ သက်သာတဲ့စျေးနှုန်းဖြင့်  ဖြန့်ဖြူးပေးပြီး ရော်ဘာသစ်ကုမ္ပဏီများမှ ထောက်ပံ့ပေးအပ်ကြောင်း၊ မွန်ပြည်နယ်၏ ရော်ဘာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ရော်ဘာစိုက်ပျိုးသူတောင်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုး တက်ရန် နိုင်ငံတော်အပိုင်းက ဆောင်ရွက်နေသလို ယခုလို ပုဂ္ဂလိက ကဏ္ဍများမှ ပူးပေါင်းဆောင်ရွက်ပြီး တောင်သူများအနေနဲ့လည်း အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီ၀င် ဦးအောင်ကြည်သိန်းနှင့် တာ၀န်ရှိသူများတို့သည် ရော်ဘာပင်အိုပင်ဟောင်းခုတ်လှဲခွင့်ရ ခြံရှင်တောင်သူများထံသို့ ရော်ဘာပျိုးပင်များပေးအပ်ခဲ့ပြီး မုဒုံမြို့နယ်မှ ရော်ဘာစိုက်တောင်သူ ဦးမျိုးထွန်းက ကျေးဇူတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါ Rubber Wood ကုမ္ပဏီများမှ ပံ့ပိုးသော ရော်ဘာပျိုးပင်များအား ပင်အိုခုတ် လှဲခွင့်ရ တောင်သူများထံသို့   ပေးအပ်ပွဲအခမ်းအနားတွင်  မော်လမြိုင်ခရိုင်အတွင်းရှိ မြို့နယ်(၆) မြို့နယ်မှတောင်သူများအား အရည်အသွေးမြင့် ရော်ဘာပျိုးပင်(၂၁၇၁၈၀)  ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)