မြစ်သား    ဇွန်       ၂၅ 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ် ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲက ဘူတာရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံတွင် အိမ်ထောင်စုကတ်ပြားအသစ်ပြုလုပ်ပေးခြင်းကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးအေးခိုင်နှင့် အဖွဲ့ဝင်များက ဘူတာရပ်ကွက်သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန် လာရောက်သည့် ဒေသခံပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးအေးခိုင်က နိုင်ငံသားတစ်ဦးအနေဖြင့် ရရှိမည့်အကျိုးခံစား ခွင့်များ၊ နိုင်ငံသားစိစ်ရေးကတ်ပြား ပြုလုပ်ပေးရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်လဝကဦးစီးမှူး ဦးဝင်းဆွေက ပန်းခင်းစီမံချက်အကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။

မြစ်သားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် ရပ်ကွက်၊ကျေးရွာများအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ထိ နိုင်ငံသား စိစစ်ရေးကတ် (၆၀၀) ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)