ရန်ကုန် ဇွန် ၂၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ ဇွန် ၂၆ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို ဇွန် ၂၆ ရက် နံနက် ၆ နာရီက ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ကျင်းပပြုလုပ်သည်။
မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုးက အဖွင့်အမှာစကား ပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးဝင်းတင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက်က ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား လှည့်လည်ကြည့်ရှုပြီး စက်ခလုပ်နှိပ်၍ မီးရှို့ဖျက်ဆီးသည်။ မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အမျိုးအစား ၂၅ မျိုးမှာ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကာလတန်ဖိုးအားဖြင့် ငွေကျပ် ၃၂၀၁၆၂ သန်း၊ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၀၀ ရှိကြောင်း သိရသည်။
ဇွဲထက်ကို၊ မျိုးသန့်(ပြန်/ဆက်)


