ကျောက်ဆည် ဇွန် ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ မြင်းစိုင်းခန်းမတွင် ဇွန် ၂၆ ရက် နံနက် ၉ နာရီခွဲက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်နိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါသံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့် ထိတွေ့ဆက်ဆံသူများအား ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာ ပိုးတွေ့လူနာ ၂၁ ဦး ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးရာတွင် သံသယရှိသူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး၊ ရောဂါပိုး တွေ့ရှိလူနာနှင့် ထိတွေ့ခဲ့သူ အမျိုးသား ၄၀၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၅၉ ဦးအား Test Kit ဖြင့် စစ်ဆေးရာ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ၂၁ ဦးတို့တွင် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများအား လူမှုကူညီရေးအသင်း (ကျောက်ဆည်) မှ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၅၇ ဦးကို ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့် ကုသပေးလျက် ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
