မန္တလေး ဇွန် ၂၆
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် မဟာလောကရန်နှိမ်အောင်တော်မူမြတ်စွာဘုရား ပရဝဏ်အတွင်းရှိ သာသနာ့ဗိမာန် ကိစ္စနှင့်ပတ်သက်၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အောင်တော်မူမြတ်စွာဘုရား နှစ်ကျိပ်ရှစ်ဆူ နှစ်ထပ် ဓမ္မာရုံ၌ ကျင်းပသည်။
ဩဝါဒခံယူပွဲသို့ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ တိုင်းအကျိုးတော်ဆောင် ၊ မိုးကောင်းကျောင်းတိုက်၊ ရတနာသိင်္ဂီ ဒိုက်ဦးကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ဇောတိကာဘိဝံသ အမှူးပြု သောသံဃာတော်များ ကြွရောက်ပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး သာသနာ ရေးဦးစီးမှူး ဦးကျော်လှိုင်၊ အောင်တော်မူ မြတ်စွာဘုရားဂေါပကအဖွဲ့ဝင်များ တက်ရောက် ကြည်ညိုကြသည်။
အခမ်းအနားတွင် သာသနာ့ ဗိမာန်ကိစ္စနှင့်ပတ်သက်၍ ဆရာတော်များထံမှ ဩဝါဒ ခံယူပြီး မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက မဟာလောကရန်နှိမ် အောင်တော်မူမြတ်စွာဘုရားအား သာသနာ့ဗိမာန်တော်သို့ ပြန်လည်ပင့်ဆောင်နိုင်ရန် အတွက် ဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီမှ တာဝန်ယူနေစဉ်အတွင်း သာသနာရေးဆိုင်ရာ ဆောင်ရွက်နေမှုများကိုလည်းကောင်း လျှောက်ထားပြီး နေ့ဆွမ်းနှင့် နဝကမ္မဝတ္ထုငွေများဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


