နေပြည်တော် ဇွန် ၂၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်လျက် ရှိသော စက္ကူစက်ရုံ(ရေနီ) အတွင်းတည်ဆောက်ထားသည့် စွန့်ပစ်စက္ကူသုံး ပျော့ဖတ်နှင့် စက္ကူစက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စက်ရုံတာဝန်ခံက လုပ်ငန်းလည်ပတ်မှု အခြေအနေကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းနှင့် ပြည့်မီသော ကုန်ကြမ်းများ ကိုသာ အသုံပြုရန်နှင့် ကုန်ချောများကိုလည်း သတ်မှတ် စံချိန်စံညွှန်းများအတိုင်း ထွက်ရှိရေး အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ဆောင်ရွက် ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အလေးထားဆောင်ရွက် ရမည်ဖြစ် ကြောင်း၊ ထုတ်ကုန် အရည်အသွေးများ တိုးတက်စေရေးအတွက် ဝန်ထမ်းများ စွမ်းဆောင်ရည် များကိုလည်း မြှင့်တင်ပေးရေးအစီအမံများ ရေးဆွဲ လေ့ကျင့်ပေးရမည် ဖြစ်ကြောင်း၊ လျှပ်စစ်နှင့် မီးဘေးအန္တရာယ် မဖြစ်ပွား စေရေးအတွက် မီးငြိမ်း သတ်ရေး အထောက်အကူပြုပစ္စည်းများကို အဆင်သင့် အသုံးပြုနိုင်အောင် စီမံထားရန်နှင့် စီမံ ချက်များ ရေးဆွဲ၍ ဇာတ်တိုက် လေ့ကျင့် ထားရမည် ဖြစ်ကြောင်း လမ်းညွှန်မှာကြားပြီး တင်ပြ ချက်များအပေါ် ညှိနှိုင်း ပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တစ်ရက်လျှင် တန်(၂၄၀၀) ထုတ်လုပ်နိုင် သည့် စက္ကူပျော့ဖတ်စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထား ရှိမှု အခြေအနေကိုလည်းကောင်း၊ ဂျာမနီအပါအဝင် ဥရောပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိသည့် ဂွမ်းကပ်အနွေးထည်နှင့် ဂျာကင်အမျိုးမျိုးကို ဝန်ထမ်းအင်အား (၄၀၀၀) ကျော်ဖြင့် ထုတ်လုပ် လည်ပတ် ဆောင်ရွက်လျက်ရှိသည့် အထည်ချုပ်စက်ရုံများကို လည်း ကောင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)