ဇွန် ၂၆
အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား အမျိုးသမီးခြေစစ်ပွဲ ကျင်းပမည့်ရက်အား ထပ်မံထုတ်ပြန်မည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇွန် ၂၄ ရက်ကပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကို စောင့်ကြည့်နေသဖြင့် ကျင်းပမည့်ရက် မထုတ်ပြန်သေးခြင်းဖြစ်ပြီး စက်တင်ဘာတွင်ပြုလုပ်ရန် လျာထားခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်မှုအရ အုပ်စု (A) ကို တရုတ်တိုင်ပေ၊ အုပ်စု (B) ကို တာဂျစ်ကစ္စတန်၊ အုပ်စု (C) ကို အင်ဒိုနီးရှား၊ အုပ်စု (E) ကို ဥဇဘက်ကစ္စတန်၊ အုပ်စု (F) ကို နီပေါ၊ အုပ်စု (G) ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု (D) အပါအဝင် အုပ်စုနှစ်ခုသာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နိုင်ငံ မရွေးချယ်ရသေးခြင်းဖြစ်သည်။
အာရှဖလား အမျိုးသမီးခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၂၈ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုတစ်ခုချင်းစီအလိုက် လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများလည်း ထုတ်ပြန်ထားသည်။ အုပ်စုရှစ်ခုမှ ထိပ်ဆုံးရှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပြီး လေးသင်း လေးအုပ်စုနှင့် သုံးသင်း လေးအုပ်စုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ မဲခွဲမှုအရ အုပ်စု(A) တွင် တရုတ်တိုင်ပေ၊ ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ လာအို၊ အုပ်စု(B) တွင် ဗီယက်နမ်၊ တာဂျစ်ကစ္စတန်၊ မော်လ်ဒိုက်၊ အာဖဂန်နစ္စတန်၊ အုပ်စု (C) တွင် မြောက်ကိုရီးယား၊ စင်ကာပူ၊ အီရတ်၊ အင်ဒိုနီးရှား၊ အုပ်စု(D) တွင် မြန်မာ၊ ယူအေအီး၊ ဂူအမ်၊ လက်ဘနွန်၊ အုပ်စု (E) တွင် တောင်ကိုရီးယား၊ ဥဇဘက်ကစ္စတန်၊ မွန်ဂိုလီးယား၊ အုပ်စု (F) တွင် ဖိလစ်ပိုင်၊ ဟောင်ကောင်၊ နီပေါ၊ အုပ်စု (G) တွင် ဂျော်ဒန်၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(H) တွင် ထိုင်း၊ ပါလက်စတိုင်း နှင့် မလေးရှားအသင်းတို့ ပါဝင်နေသည်။ ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်းအရေအတွက်တိုးမြှင့်၍ ၁၂ သင်းဖြင့် ကျင်းပမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ (၂၀)ရက်မှ ဖေဖော်ဝါရီ (၆)ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ၂၀၀၃၊ ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ပြိုင်ပွဲတို့၌ ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး နောက်ဆုံးကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင် ခြေစစ်ပွဲမအောင်သဖြင့် တစ်ကျော့ပြန် ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ ခြေစစ်ပွဲဝင်မည့် မြန်မာအမျိုးသမီးအသင်းနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်က ကိုင်တွယ်လျက်ရှိသည်။
သတင်း-ရဲရင့်လွင်