နေပြည်တော် ဇွန် - ၂၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ လိုက်ပါ၍ ဇွန် ၂၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Republic of the Tatastan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov နှင့် တွေ့ဆုံဆွေးနွေးသည်။.
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတ Mr. Rustam Nurgaliyevich Minnikhanov က ကရင်မလင်ရှိ သမ္မတရုံးတွင် ကြိုဆိုနှုတ်ဆက်၍ သမ္မတရုံးခန်း၌ သီးသန့်တွေ့ဆုံ ဆွေးနွေးပြီး အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။ ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဧည့်သည်တော်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် Republic of the Tatastan သမ္မတတို့သည် သမ္မတရုံးရှိ ဧည့်ခန်းမ ဆောင်၌ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား အပြန်အလှန် မိတ်ဆက်ပေးပြီး ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ တွေ့ဆုံဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဉီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် အောင်သော် (အငြိမ်းစား) နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး Republic of the Tatarstan သမ္မတနှင့်အတူ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံဆွေးနွေးရာတွင် ရုရှား - မြန်မာ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမို တိုးတက်ရေး ဆိုင်ရာများ၊ Republic of the Tatarstan သမ္မတအနေဖြင့် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ်တွင် ရောက်ရှိလေ့လာခဲ့ပြီး စီးပွားရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေး တရားဥပဒေစိုးမိုးရေး၊ ပြည်သူလူထု မထိခိုက်စေရေးအတွက် ဆူပူအကြမ်းဖက်မှုများကို နိုင်ငံတကာဥပဒေ၊ ပြည်တွင်းရှိ တည်ဆဲဥပဒေများနှင့်အညီ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်ဦးနှစ်ဖက် ဆက်ဆံမှု တိုးမြင့်ရေးအတွက် ကူးသန်းရောင်းဝယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတို့တွင် မြှင့်တင် ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ စီးပွားရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား Republic of the Tatarstan သမ္မတက ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။
ဦးစွာ Republic of the Tatarstan သမ္မတနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြပြီး အဖွဲ့ဝင်များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။
ညစာသုံးဆောင်နေစဉ်အတွင်း Republic of the Tatarstan မှ ရိုးရာတေးဂီတအဖွဲ့က ရိုးရာတေးသီချင်းများ၊ ယဉ်ကျေးမှု အကအလှများဖြင့် တီးမှုတ်ဖျော်ဖြေ တင်ဆက်ကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ချီးမြှင့်ပြီး ညစာသုံးဆောင်အပြီးတွင် အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးကြသည်။
ညနေပိုင်းတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် Republic of the Tatar-stan၊ Kazan မြို့တော်ရှိ ကရင်မလင်သို့ သွားရောက်၍ Blagoveshenskiy ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် Kul Sharif အစ္စလာမ် ဘုရားရှိခိုးကျောင်းတို့သို့ သွားရောက်လေ့လာ ကြည့်ရှုကြရာ ဘုန်းတော်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီး လိုက်လံရှင်းလင်းပြသခဲ့ကြောင်းနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


